တူယှဉ်ကာလေ တစ်ကယ်ပဲ အစွမ်းပြချင်တယ် :)
အိန္ဒိယ မြန်မာအခြား
Showing posts with label Knowledge Articles. Show all posts
Showing posts with label Knowledge Articles. Show all posts

Feb 25, 2013

ဘုရားသခင်သည် စကြာဝဠာကို ဖန်ဆင်းခဲ့သူမဟုတ်


ဘုရား​သ​ခင်​သည်​ ​စ​ကြာ​ဝ​ဠာ​ ​တစ်​ခု​လုံး​အား​ ​ဖန်​ဆင်း​ခဲ့​သူ​ ​မ​ဟုတ်​ကြောင်း စ​တီ​ဖင်​ဟော့​ကင်း​က​ ​အ​ခိုင်​အ​မာ​ ​ပြော​ကြား​လိုက်​သည်​။ ​ဘာ​သာ​ရေး​ ​အ​ယူ​အ​ဆ​များ​ကို​ ​ဆန့်ကျင်​သည့်​ ​အ​ဆို​အား​ ​ဗြိ​တိန်​၏​ ​အ​ကျော်​ကြား​ဆုံး​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​ကြီး​က၎င်း​၏​ ​ရောင်း​အား​အ​ကောင်း​ဆုံး​ ​စာ​ရင်း​ဝင်​The​ Grand​ Design ​စာ​အုပ်​တွင်​ ​ရေး​သား​ဖော်​ပြ​ခဲ့​သည်​။



ဟော့ကင်း​က​ ​ခေတ်​သစ်​ရူ​ပ​ဗေ​ဒ​တွင်​ ​ဖန်​ဆင်း​ရှင်​ဆို​သော​ ​ဝေါ​ဟာ​ရ​အ​တွက်​ ​နေ​ရာ​ မ​ရှိ​ဟု​ ​ဝေ​ဖန်​သုံး​သပ်​ထား​သည်​။ မိ​မိ​တို့ ​အ​သက်​ရှင်​ ​ရပ်​တည်​နေ​ခြင်း​၊​ ​စ​ကြာ​ဝ​ဠာ​ကြီး​ ​တည်​ရှိ​နေ​ခြင်း​သည်​ ​အ​လို​အ​လျောက်​ ​ပေါ်​ပေါက်​လာ​သည်​ဆို​သော​ ကိ​စ္စ​သာ​ ​မှန်​ကန်​သော​ ​အ​ကြောင်း​ရင်း​ဖြစ်​ကြောင်း​ ​ဟော့​ကင်းက​ ​ပြော​ကြား​ထား​သည်​။ ​ယင်း​စာ​အုပ်​ကို​ ​အ​မေ​ရိ​ကန်​ ​ရူ​ပ​ဗေ​ဒ​ ​ပ​ညာ​ရှင်​ ​လီ​ယို​နက်​မို​လို​ဒီ​နို​က​ ပူး​ပေါင်း​ကူ​ညီ​ ​ရေး​သား​ခဲ့​သည်​။

အ​သက်​ ​၆၈​ ​နှစ်​ရှိ​ ​ဟော့​ကင်း​သည်​ ​ဘု​ရား​သ​ခင်​အ​ပေါ်​ ​ယုံ​ကြည်​ခြင်း​ ​ရှိ​မ​ရှိ​ဆို​သော​ ​အ​ချက်​အား​ ​အ​မြဲ​တမ်း​ ​ရှောင်​လွှဲ​ဖြေ​ဆို​လေ့​ ​ရှိ​သော်​လည်း​ ​ယ​ခု​ဖော်​ပြ​ချက်​က​ ​ဘာ​သာ​ရေး​အ​ရ​ ​တိုက်​ခိုက်​မှု​တစ်​ခု​ဟု​ ယူ​ဆ​ဖွယ်​ရာ​ ​ဖြစ်​လာ​သည်​။

၎င်း​က​ ​၁၉၉၂​ ​ခု​နှစ်​က​ ​ထုတ်​ဝေ​ခဲ့​သည့်​ ​စာ​အုပ်​တွင်​ ​ဖော်​ပြ​ထား​သော​ ​နေ​တစ်​ခု​ကို​ ​ဂြိုလ်​များ​က​ ​လှည့်​ပတ်​မှု​ ​သီ​အို​ရီ​ကို​ ​ကိုး​ကား​ပြီး​ ​အ​ကြောင်းတိုက်​ဆိုင်​သ​ဖြင့်​ ​မိ​မိ​တို့သည်​ ​နေ​အ​ဖွဲ့အ​စည်း​ရှိ​ ​က​မ္ဘာ​ဂြိုလ်​တွင်​ ရှင်​သန်​နေ​ခြင်း​ဖြစ်​ကြောင်း​ ​ထောက်​ပြ​ထား​သည်​။ ​ခ​ရစ်​ယာန်​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​များ​က​ ​ပ​ရော်​ဖက်​ဆာ​ ​ဟော့​ကင်း​သည်​ 
ဘု​ရား​သ​ခင်​အ​ပေါ်​ ​အ​မြင်​တွင်​ ​လွဲ​ချော်​မှု​များ​ ​ရှိ​နေ​ကြောင်း​ ​ဝေ​ဖန်​ခဲ့​ကြ​သည်​။ Society​ for​ Ordained​ Science ​မှ​ ခရစ်ယာန်​ပ​ညာ​ရှင်​ ​ဂက်​ဘာ​ဘား​က
ဘု​ရား​သ​ခင်​၏​ ​ဖန်​တီး​မှု​နှင့်​ ​သိ​ပ္ပံ​ပ​ညာ​၏​ ​ဖန်​တီး​မှုဥ​ပ​ဒေ​တွင်​ ​ကွာ​ဟ​ချက်​ ​ရှိ​သည်​ဟု​ ​မိ​မိ​မ​ယုံ​ကြည်​ကြောင်း​၊​ ​သိ​ပ္ပံပ​ညာ​၏​ ဥ​ပ​ဒေ​သ​သည်​ ​ဘု​ရား​သ​ခင်​၏​ ​ဖန်​ဆင်း​မှု​ ဥ​ပ​ဒေ​နှင့်​ ​ထပ်​တူ​ကျ​ကြောင်း​ ​တုန့်​ပြန်​ခဲ့​သည်​။

ယခင်အချိန်များကမူ စကြာဝဠာကြီးကို ဖန်တီးရာတွင် ဘုရားသခင်၏ အခန်းကဏ္ဍကို ဟော့ကင်းက လက်ခံခဲ့ပုံရသည်။ ၁၉၈၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ကမ္ဘာကျော်၊ အရောင်းရဆုံးစာအုပ်ဖြစ်သည့် A brief history of time “အချိန်၏ သမိုင်း အကျဉ်းချုပ်” တွင် ယခုကဲ့သို့ ပြောဆိုခဲ့သည်။ “ပြီးပြည့်စုံတဲ့ သီအိုရီတစ်ခုခုကို သာ ကျွန်တော်တို့ ရှာဖွေတွေ့ရှိမယ်ဆိုရင်တာ့ လူသားရဲ့ ကျိုးကြောင်းဆင်ခြင်တုံတရားအတွက် အမြင့်မားဆုံး အောင်ပွဲဖြစ်မှာပါ။ အဲဒီအခါမှာတော့ ဘုရားသခင်ရဲ့ စိတ်နှလုံးသားကို ကျွန်တော်တို့ သိခွင့်ရကြလိမ့်မယ်။”

နိုင်ငံတ​ကာ​ ​သိ​ပ္ပံ​နှင့်​ ​ဘာ​သာ​ရေး​ ​အ​ဖွဲ့မှ​ ​ပ​ရော်​ဖက်​ဆာ​ ​ဂျော့​အီး​လစ်​က​မူ​ သု​တေ​သီ​ ​တစ်ဦး​အ​တွက်​ ​အ​ခက်​ခဲ​ဆုံး​ ​အ​ခြေ​အ​နေ​မှာ​ ​ပ​ညာ​ရပ်​ပိုင်း​နှင့်​ ​ဘာ​သာ​ရေး​တို့ကြား​ အ​ထိ​အပါး​မ​ရှိ​ဘဲ​ ​မိ​မိ​၏​ ​တွေ့​ရှိ​ချက်​ကို​ ​တင်​ပြ​ရန်​ဖြစ်​ကြောင်း​၊​ ​မိ​မိ​အ​နေ​နှင့်​ ​ဘာ​သာ​ရေး​ဖက်​မှ​ ​ရပ်​တည်​ပါ​က​ သိ​ပ္ပံ​ပ​ညာ​ရပ်​၏​ ​အ​ချို့သော​ ​အ​ချက်​အ​လက်​များ​ကို​ ​မျက်​ကွက်​ပြု​လက်​လွှတ်​ရန်​သာ​ရှိ​ကြောင်း​ ​ပြော​ဆို​သွား​သည်​။

သိပ္ပံပညာရှင် အိုင်းဆက်နယူတန် ထိုင်ခဲ့သည့် နေရာဖြစ်သည့် ကင်းဘရစ်တက္ကသိုလ်တွင် သင်္ချာပါမောက္ခအဖြစ် Lucasian Professor of Mathematics ရာထူးကို နှစ်ပေါင်း ၃၀ ကျော် တာဝန်ယူခဲ့ပြီးသည့်နောက်ပိုင်းတွင် ပြီးခဲ့သည့် နှစ်က အနားယူခဲ့သည့်။ မျက်မှောက်ခေတ်တွင် အထင်ရှားဆုံး သိပ္ပံပညာရှင်တစ်ဦးဖြစ်သည်။
==========================================================
င်္From = မောက္ခနိုင်ငံတကာပညာရေးသတင်း
http://www.maukkha.org/index.php/news-menu/506-2010-09-06-06-14-41
Source: Guardian UK

Feb 20, 2013

ကြိုးနီစနစ် ဟူသည်

ကျွန်တော့်အား မိတ်ဆွေတစ်ဦးက မေးခဲ့သည်မှာ ကြာပါပြီ။ သို့သော် ကျွန်တော်သည် မိတ်ဆွေ၏အမေးကို မဖြေခဲ့ရသေး။ သာမန်အားဖြင့် သူ့အမေးကို သူနားလည်အောင် ကျွန်တော်ဖြေနိုင်ချင်မှ ဖြေနိုင်ပေမည်။ သို့ကြောင့်လည်း ဥပမာတစ်ခုလောက် ပြနိုင်ရန် ကျွန်တော်စောင့်နေခြင်း ဖြစ်သည်။ သူ့အမေးမှာ“မင်းတို့ ပြောပြောနေတဲ့ ကြိုးနီစနစ်ဆိုတာ ဘာလဲကွ”ဟူ၍ ဖြစ်၏။

မနေ့ကတော့ သူ့ကို ဥပမာပေးရန် အဖြစ်အပျက်တစ်ခုကို တွေ့လာခဲ့သည်။ အစိုးရဌာနနှစ်ခုမှ ရုံးနှစ်ရုံးသည် အဆောက်အဦကြီး တစ်ခုထဲတွင် ပူးတွဲရုံးဖွင့်ထား၏။ထိုရုံးနှစ်ခုအနက်မှ တစ်ခုသောရုံးတွင် ခွေးတစ်ကောင် မွေးထား၏။ တစ်နေ့သောအခါ
ထိုခွေးသည် ကပ်လျက်ရုံး၏ အခန်းတွင်းသို့ သွား၍ နောက်ဖေးယိုခဲ့၏။ ဤသို့ပြုလုပ်ခြင်းသည် တစ်ကြိမ်မဟုတ် ကြိမ်ဖန်များလာသောအခါ နောက်ဖေးယိုခံရသောရုံးက ခွေးမွေးထားသောရုံးသို့ “လူကြီးမင်းတို့ရုံးမှ မွေးထားသောခွေးသည် ကျွန်တော်တို့၏ ဧည့်ခန်းနှင့်…”ဟူသော စာကို ပို့လိုက်၏။

ယင်းစာသည် ခွေးမွေးထားသောရုံး၏ စာလက်ခံရာဌာနမှ “အဆင့်ဆင့် ဆက်လက်တင်ပြသည်၊ ဆက်လက်တင်ပြပါသည်” ဟူသော မှတ်ချက် ဆယ်ခုလောက်ဖြင့် နောက်ဆုံး ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်ထံသို့ ရောက်သွား၏။ ထိုပုဂ္ဂိုလ်က “ယင်းကိစ္စ ဟုတ်၊ မဟုတ် စုံစမ်းတင်ပြပါ” ဟူသော မှတ်ချက်တွင် “အရေးယူဆောင်ရွက်ရန်၊ အရေးယူဆောင်ရွက်ရန်” ဟူသော ထပ်ဆင့် မှတ်ချက်များနှင့်အတူ အောက်သို့ ပြန်ကျလာ၏။

ထိုအခါ ယင်းကိစ္စကို ဟုတ်၊ မဟုတ် စုံစမ်းရေးအတွက် ရုံးအုပ်အဆင့်ရှိသူများက အဖွဲ့ဖွဲ့ကာ တစ်ပတ်ကျော်မျှ စုံစမ်းပြီး “စာ အမှတ် မည်မျှဖြင့် တစ်ဖက်ရုံးမှ ပေးပို့သောကိစ္စသည် မှန်ကန်ပါသည်“ဟူ၍ တစ်ဆင့်ပြီးတစ်ဆင့် တာဝန်ရှိပုဂ္ဂိုလ်ဆီသို့ ရောက် သွားပြန်၏။ ထိုအခါ ယင်းပုဂ္ဂိုလ်က “ယင်းကိစ္စ မှန်ကန်လျှင် မည်သို့ဆောင်ရွက်ရမည်ကို နည်းလမ်းများ စုံစမ်းတင်ပြပါ ” ဟူသော မှတ်ချက်ဖြင့် အောက်သို့ ပြန်ချပေးလိုက်ပြန်၏။ အောက်သို့ ကျလာသောအခါ ရုံးအုပ်နှင့်အဖွဲ့သည် မည်ကဲ့သို့ ဖြေရှင်းရမည်ကို အချိန်ယူ၍ ဆွေးနွေးတိုင်ပင်ကာ နောက်ဆုံး၌ ရုံးအုပ်နှင့်အဖွဲ့က လူကြီးမင်း၏ မှတ်ချက်အမိန့်အရ
နည်းလမ်းများကို ရှာဖွေရာ အောက်ပါနည်းလမ်းများကို တွေ့ရှိပါသဖြင့် တင်ပြအပ်ပါသည်ဟု ဆိုကာ အောက်ဖော်ပြပါ နည်းလေးနည်းကို တင်ပြခဲ့သည်။
(က) ယင်းခွေးကို သတ်ပစ်ခြင်း၊
(ခ) ယင်းခွေးကို အဝေးသို့ပို့ခြင်း၊
(ဂ) ခွေးဝင်သော အပေါက်ကို လုံးဝပိတ်ထားခြင်း၊
(ဃ) ခွေးမ၀င်ရန် စာကပ်ထားခြင်း။

ထိုအခါ တာဝန်ရှိပုဂ္ဂိုလ်က အောက်မှတင်ပြသော နည်းလေးနည်းကို အောက်ပါအတိုင်း မှတ်ချက်ရေးကာ အဆင့်ဆင့် ပြန်ချပေးလိုက်၏။

(က)နည်းမှာ ကျွန်ုပ်သည် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်၍ မရွေးချယ်နိုင်။ (ခ)နည်းမှာ ယင်းခွေးတွင် သားသမီးငယ်များ ရှိနေသည်ဟု သိရ၍ (က)နည်းတူ မရွေးချယ်နိုင်။ (ဂ)နည်းမှာ ရုံးနှစ်ရုံး၏ ဆက်သွယ်ရေးကိစ္စများကို ထိခိုက်စေသောကြောင့် ယင်းနည်းကိုရွေးချယ်ရန် ကျွန်ုပ်ငြင်းဆို၏။ (ဃ)နည်းမှာမူ မည်သူကိုမှလည်း မထိခိုက်သောကြောင့် ယင်းနည်းကို ကျွန်ုပ်ကိုယ်တိုင် ရွေးချယ်လိုက်သည်။

အထက်ပါမှတ်ချက်ဖြင့် စာသည် ရုံးထုံးစံအတိုင်း အဆင့်ဆင့်ကျလာပြီး အောက်ပိုင်းမှ စာတစ်စောင် ပြန်၍တက်လာပြန်၏။ ယင်းစာမှာ “လူကြီးမင်းရွေးချယ်သော (ဃ)နည်းကို အသုံးပြုရေးအတွက် ခွေးမ၀င်ရဟူသော စ…” ဟူ၍ ဖြစ်၏။
ထိုအခါ အထက်လူကြီးက “သင့်လျော်သော ပန်းချီဆရာနာမည်များ တင်ပြပါ”ဟု မှတ်ချက်ဖြင့် ပြန်ကျလာ၏။
အောက်ပိုင်းမှ တဖန် ပန်းချီဆရာလေးဦး၏ အမည်များကို ယင်းတို့၏ အရည်အချင်း၊ အရည်အသွေးများနှင့်အတူ တင်ပြရာ အထက်မှ “ဖော်ပြပါ အရည်အချင်းများအရဆိုမူ ကျွန်ုပ်တို့သည် နံပါတ် (၂)ပန်းချီဆရာကို ရွေးသည်”ဟူသော မှတ်ချက်ဖြင့် ပြန်ကျလာ၏။

ရုံးအုပ်နှင့်အဖွဲ့သည် ရုံးထုံးစံအတိုင်း နံပါတ်(၂) ပန်းချီဆရာဖြင့် ခွေးမ၀င်ရဟူသော စာတန်းကိုရေးဆွဲကာ ရုံးနှစ်ရုံး၏ အ၀င်အထွက် တံခါးဝတွင် ချိတ်ဆွဲထားလိုက်၏။

သို့သော် မကြာမီ တစ်ဖက်ရုံးမှနေ၍ လွန်ခဲ့သော (၁၂)လက စာအမှတ် ဘယ်လာက် ဘယ်လောက်ဖြင့် “လူကြီးမင်းတို့ရုံးမှ
ခွေးတစ်ကောင် ၀င်ရောက်နောက်ဖေးယိုနေ၍ အရေးယူဆောင…” ဟူသောစာသည် အတွင်းရေးဟူသောထိပ်စည်းနှင့် အတူ ရောက်လာပြန်၏။

ထိုစာသည် ထုံးစံအတိုင်း စာလက်ခံရာဌာနမှတဆင့် အထက်လူကြီးဆီသို့ တင်ပြရာ အထက်လူကြီးက “မိမိသည် ဤကိစ္စကို အသေအချာ အရေးယူဆောင်ရွက်ပါလျက် ယခုကဲ့သို့ အဘယ်ကြောင့် ဆက်လက်ဖြစ်နေရသည်ကို ချက်ချင်းစုံစမ်းတင်ပြပါ” ဟူ၍ မှတ်ချက်ဖြင့် အောက်သို့ပြန်ချလိုက်၏။ ထိုအခါ ရုံးအုပ်သည် အဖွဲ့တစ်ခု ချက်ချင်းထပ်ဖွဲ့ကာ အဘယ်ကြောင့် ယင်းခွေးသည် ဆက်လက်နောက်ဖေးယိုမြဲသည်ကို အရေးတယူ စုံစမ်းကြပြီးနောက် အောက်ပါအတိုင်း အဆင့်ဆင့် တင်ပြလိုက်ပြန်၏။

စာအမှတ် မည်မျှဖြင့် “လူကြီးမင်း၏ချက်ချင်းအရေးယူဆောင်ရွက်ရန် မှတ်ချက်အမိန့်အရ ကျွန်တော်မ…”

အထက်ပါ စုံစမ်းတင်ပြချက်စာသည် တစ်ဆင့်ပြီးတစ်ဆင့် ရုံးထုံးစံအတိုင်း အထက်သို့ တက်လျက်ရှိနေ၏။ ယင်းတင်ပြချက် အပေါ် အထက်လူကြီးက မည်သို့ မှတ်ချက်ရေးဦးမည်ကို မသိရသေး။ သို့သော် တစ်ခုသေချာသည်ကတော့ ယင်းခွေးသည် အခြားဟိုဖက်ရုံး၏ ဧည့်ခန်းတွင် နောက်ဖေးယိုမြဲ ယိုနေဦးမည်ကတော့ သေချာနေပေသတည်း။
==========================
ချစ်စံဝင်း
(၉-၈-၁၉၆၉)

ဘဝမှာ ဝါသနာမပါတာ လုပ်နေရတဲ့အခါ

(လူငယ်များ အဓိကထား ဖတ်ရှုရန်)
မနက်က ညီမလေး ဖုန်းဆက်လာပါတယ်။ “အစ်ကို ညီမ ဒီကျောင်း ဆက်မတက်ချင်တော့ဘူး။ အဝေးသင် မေဂျာတစ်ခုပြောင်းမယ်၊ အလုပ်လုပ်မယ်၊ ကျောင်းပြောင်းဖို့ ကူညီပေး" ရင်ထဲအစို့နှင့်ဆုံး စကားကြားရတာပါပ
ဲ။

စာရေးသူရဲ့  ညီမလေးက အတန်အသင့် ထူးချွန်ပါတယ်။ ၁၀ တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်ပြီး သူတက်ချင်တဲ့ တက္ကသိုလ်တစ်ခု အမှတ်မမှီလို့ အမှတ်နဲ့ လျော်ညီတဲ့ တက္ကသိုလ်တစ်ခုကို တက်ပါတယ်။ အခုတော့ သူမ အခု တက်နေတဲ့ တက္ကသိုလ်မှာလည်း ပညာပုံမှန် သင်ကြားပြီး နှစ်ချင်းပေါက် အောင်ပါတယ်။ နှစ်နှစ်ပြည့်ပြီး တတိယနှစ်တက် ဖို့ စောင့်ဆိုင်းနေချိန်ခါမှ ယခုလို ရုတ်တရက်စကားဆိုလာခြင်းအတွက် အံ့သြခဲ့ရပါတယ်။

သို့ပေမယ့် သေချာပြန်စဉ်းစားကြည့်လိုက်ချိန်တော့ မအံ့သြတော့ ပါဘူး။ ဘာလို့လဲဆို စာရေးသူ ညီမလိုပဲ၊ စာရေးသူ ကိုယ်တိုင် လိုပဲ ဘဝမှာ ဝါသနာမပါတာ၊ စိတ်မပါတာ လုပ်နေရတယ်လို့ ခံစားနေရ သူပေါင်း မြောက်များစွာ ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုခံစားနေရ သူများ၊ ဖြစ်နေသူများကို စာရေးသူ အကြံပေးလိုသော ဆန္ဒများ ဖြစ်လာရ ပါတယ်။ အကယ်၍ စာဖတ်သူသာ ကိုယ်ဝါသနာ မပါတာ လုပ်နေရတယ်လို့ ယူဆရင် အောက်ပါ အချက်များကို သေချာ လေ့လာသင့်ပါတယ်။

ဝါသနာဆိုတာ……

ကိုယ်တိုင်ကို ဘာကို ဝါသနာ ပါလို့ ပါမှန်းမသိ ကြီးပြင်းရတဲ့ လူများလည်း မနည်းပါဘူး။ ဒီတော့ အားလုံးရဲ့  ရည်မှန်းချက်ပန်းတိုင်က ချမ်းသာ ကြွယ်ဝမှု ဖြစ်လာပါတယ်။ ချမ်းသာပြီးသားလူကျတော့ ဒီထပ်မချမ်းသာရင်တောာင် ဒီထက် ပိုဂုဏ်ရှိတဲ့ နေရာ တစ်ခုအတွက် ရည်မှန်းချက်ထား ကြိုးစားရပြန်ပါတယ်။

စာဖတ်သူ ၁၀ ယောက်တည်းမှာ ငွေကြေး အခက်အခဲ ရှိနေသူ တစ်နည်း ချမ်းသာချင်သူ ၇ ယောက်ထပ် မနည်း ရှိမယ်ဆိုတာ ကြိမ်းသေပြောရဲပါ တယ်။ ဒီတော့ အားလုံရဲ့  ရည်မှန်းချက်က ငွေကြေးချမ်း သာဖို့ ဖြစ်လာပြီး ချမ်းသာတယ်ဆိုတာ ပန်းတိုင် တစ်ခု ဖြစ်လာပါတယ်။ ဒီတော့ ယင်းပန်းတိုင် ကို သွားရမယ့် နည်းလမ်းက ဆရာဝန်လို့ ယူဆတဲ့သူက ဆရာဝန်ဖြစ်ဖို့ ကြိုးစားတယ်။ စစ်ဗိုလ်ဖြစ်အောင် ကြိုးစားမယ်၊ အင်ဂျင်နီယာဖြစ်အောင် ကြိုးစားမယ်။ သင်္ဘောသား ဖြစ်အောင် ကြိုးစားမယ် အစရှိသဖြင့် ကိုယ့် အခြေအနေ နဲ့  အဖြစ်နိုင်ဆုံးကိုပဲ ရွေးချယ်သွားကြပါတယ်။ အားလုံးကို မဆိုလို။ အများစုသော အရေအတွက်ကို ဆိုလိုပါတယ်။ ချမ်းသာဖို့ မဟုတ်ပါဘူး- အေးဆေး ငြိမ်းချမ်းတဲ့ ဘဝတစ်ခု တည်ဆောက်နိုင်ဖို့ အတွက်လေးပါ ဆိုရင်လည်း ဒီထဲမှာ အကြုံးဝင်ပါတယ်။

အထက်ပါအတိုင်းတွေးသော စာဖတ်သူများ တကယ်ချမ်းသာလာနိုင် ပါတယ်။ ဖြစ်မလာသူများ ကျရှုံးရသလိုလည်း ဆင်းရဲတွင်းက မလွတ်နိုင်သူများလည်း ရှိလာနိုင်ပါတယ်။ ဒီတော့ ဆရာဝန်တွေ ဖြစ် သွားကြ၊ အင်ဂျင်နီယာတွေဖြစ်သွားကြ၊ အရာရှိတွေ ဖြစ်သွားကြပေမယ့် ကိုယ့်ကိုယ်ကို ဘာဝါသနာ ပါလို့ ပါမှန်း မသိခဲ့ပါဘူး။ အသက်အရွယ်တွေ ရလာပြီး ရာထူးတစ်ခု၊ စည်းစိမ် တစ်ခု ပိုင်ဆိုင်ရပေမယ့်လည်း ငါဘာ ဝါသနာ ပါခဲ့လဲ၊ ဘာလုပ်ချင်ခဲ့သလဲ ဆိုတာ ကိုယ်တိုင်တောင် ဖြေရ ခက်တဲ့ မေးခွန်း ဖြစ်လာတတ်ပါတယ်။ အချို့ ကျတော့ ငြင်းပါတယ်။ ငြင်း မှာပါ။ နေရာတစ်ခု၊ ငွေတစ်ခု၊ အသိုင်းအဝိုင်း တစ်ခု ရပြီ ဖြစ်တဲ့အတွက် ငါဝါသနာပါတာ ဒါတွေပါဆိုပြီး ဟန်ရေးလုပ် ပြောတဲ့အခါ မေးခွန်း ထုတ်မယ့်သူလည်း မရှိတော့ပါဘူး။ ဒီမှာ ဘယ်သူတွေ နစ်နာမှု ရှိသလဲဆို တာ လေ့လာရပါမယ်။

မိမိကိုယ်ကိုရော တိုင်းပြည်ကိုရော- ကြီးကြီးမားမားပြောရရင် လောက တစ်ခုလုံးကို နစ်နာစေပါတယ်။ အိုင်းစတိုင်း တစ်ယောက် ဆင်းရဲပေမယ့် ဝါသနာ အထုံတစ်ခုကြောင့် တစ်နေ့တော့ ကမ္ဘာကြီး တစ်ခုလုံးကို ပြောင်း လဲပေးခဲ့ပါမယ်။ မီးသွေးဖိုမှာ အလုပ်လုပ်တဲ့ လင်ကွန်းက အမေရိကန် သမ္မတ ဖြစ်လာရပါတယ်။ ဥပမာ ပြရရင် ဒီတော့ မနည်းပါဘူး။ ဒီတော့ စာရေးသူ လိုရင်းက ဝါသနာ ပါရာကို ဦးစားပေး လုပ်ရင် ဘာမဆို ထိုးထိုးဖောက်ဖောက် အောင်မြင်လို့ တိုင်းပြည်ကြီး တစ်ခုလုံး၊ ကမ္ဘာကြီး တစ်ခုလုံးကိုတောင် ပြောင်းလဲပေးနိုင် တယ် ဆိုတဲ့အချက်လို့ စာဖတ်သူတို့ ရိပ်မိမယ် ထင်ပါတယ်။ ဒီတော့ စာရေးသူတို့ မြန်မာနိုင်ငံတွင်းမှာ ဝါသနာ အထုံ ပါတဲ့ ကလေးငယ်လေးတွေကို သေချာ ပြုစုပျိုးထောင်ပေးနိုင်ရင် တိုင်းပြည်မှာ ကမ္ဘာက လေးစားရတဲ့ အောင်မြင်မှုကြီးများ၊ ပေါက်ရောက်မှု ကြီးများ ဖြစ်လာမယ်လို့လည်း ခန့်မှန်းထားကြမယ် ထင်ပါတယ်။

ယခုမှ ဝါသနာ တစ်ခု ရွေးသတ်မှတ်ခြင်း

ဒါဆို စာဖတ်သူတို့ က ဆိုပါမယ်။ ငါဝါသနာ ပါတာရှိခဲ့တယ်။ တိုင်းပြည်အခြေ အနေကြောင့်၊ ပတ်ဝန်းကျင် အခြေအနေကြောင့် ဒီဝါသနာကို စွန့်လွတ်လိုက်ရတာ- အစရှိသဖြင့် ဆိုနိုင်ပါတယ်။ စာရေးသူ မငြင်းနိုင်ပါဘူး။ သို့သော်လည်း ဒီအတွက် အဖြေရှိပါတယ်။ စာဖတ်သူက အရင်ဆုံး ကိုယ့်ဝါသနာ ကို အဓိပ္ပါယ် ဖွင့်ရပါမယ်။ အကြမ်းချင်းလိုအပ်ချက်ကတော့ မိမိပါတဲ့ ဝါသနာဟာ ၁- မိမိအတွက်ကောင်းကျိုးပြုရမယ်၊ ၂- သူတစ်ပါး အတွက် ကောင်းကျိုးပြုရမယ်။ ဒီနှစ်ချက် ခိုင်လုံရင် စာဖတ်သူ ထားတဲ့ ဝါသနာဟာ တကယ် မှန်သွားပါပြီ။ ဝါသနာ ဆိုတာ ထင်ပေါ်ကျော်ကြားမှု တစ်ခုမဟုတ်ပါဘူး။ ပြောင်းလဲပေးနိုင်မှု ဖြစ်ရပါမယ်။ ဥပမာ- မိမိဝါသနာ ပါလို့ ဖန်တီးချပြလိုက်တဲ့ အရာဟာ လူသားအားလုံးအတွက် ကောင်းကျိုးပြု တယ်ဆိုရင် အလိုအလျာက် ထင်ပေါ်ကျော်ကြားပါတယ်။ ထင်ပေါ်ကျော်ကြား ဖို့အတွက် ဝါသနာ တစ်ခုထားတယ်ဆိုတာ အမှန်တော့ လောဘ တစ်မျိုး သာ ဖြစ်ပါတယ်။ ဝါသနာ မဟုတ်ပါဘူး။

စာဖတ်သူ တစ်ဝက်လောက်မှာ ကိုယ်ဝါသနာ ပါတာ ဘာလဲဆိုတာ မသိကြလောက်ပါဘူး။ သို့ပေမယ့် နောက် မကျသေးပါ။ လက်ရှိ ကိုယ်ဝါသနာ ဘာပါတယ်ဆိုတာကို မသိသေးတာကိုပဲ အဆင်ပြေတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ ဒါဆို ဝါသနာ တစ်ခု စထားမယ်ဆိုရင်


၁။ ကိုယ့်အတွက်ကော၊ အများအတွက်ကော ကောင်းကျိုးပြုရပါမယ်။

ဒီအဆင့်မှာကတည်းက တွက်ချက် ရွေးချယ်ပါ။ လက်ရှိ ရောက်နေတဲ့ အနေအထားအရ ကိုယ့်အတွက် အဆင်ပြေမယ်၊ ကိုယ်ကလည်း ကျွမ်းကျင်နေမယ်၊ ဖြစ်လာဖွယ်လည်း တကယ်ရှိတယ်ဆိုရင် ကိုယ်ထားတဲ့ ဝါသနာက မှန်ပါပြီ။ ဥပမာ- စာဖတ်သူက အထည်ဆိုင်မှာ အထည်ရောင်း ဝန်ထမ်း လုပ်နေရတယ် ဆိုပါစို့။ အထည်နဲ့ ပက်သက်ပြီး လေ့လာအားတစ် ခုခုရှိလို့ စိတ်ဝင်စားလို့ လေ့လာရင်ပို သိလာတဲ့အခါ ဒီအပေါ် အခြေခံလို့ ကိုယ်ဘာများ လုပ်နိုင်မလဲဆိုတာ လမ်းစရှာပါမယ်။ အဖြစ်နိုင်ဆုံး ပြောရရင် ကမ္ဘာ့အနှံ့ဖြန့်ချိတဲ့ အဝတ်အထည်လုပ်ငန်း (သို့မဟုတ်) ကမ္ဘာ့အလှဆုံး အဝတ်အထည်များ ဖန်တီးသူ ဒီဇိုင်နာ အစရှိသဖြင့် အစုံးစွန်ထိ စိတ်ကူးယဉ်လို့ရပါတယ်။ တကယ် အကောင်အထည်ဖော်ဖို့လည်း ခံယူချက်ရှိထားရင် ဖြစ်မလာဘူးလို့ ဘယ်သူမှ မပြောရဲပါဘူး။


ဗီဇဝါသနာ ကို အကောင်အထည်ဖော်ခြင်း

အချို့ ကျတော့ ငယ်ငယ်လေးကတည်းက ဖြစ်ချင်တဲ့အရာ၊ လုပ်ချင်တဲ့ အရာ၊ ကိုယ်ဝါသနာ ပါတဲ့ အရာ ရှိနေပြန်ပါသေးတယ်။ မိဘက အတင်းတိုက်တွန်း လို့၊ ပတ်ဝန်းကျင် ပယောဂအမျိုးမျိုးကြောင့် အခြားလမ်းပေါ် ကို လျှောက်နေရပြီ ဆိုပါစို့။ ဒီမှာ ကိုယ်ဝါသနာ ပါတဲ့ အရာမှာ တကယ် ထူးချွန်သလား၊ မထူးချွန်သလားဆိုတာကို အရင်စမ်းစစ်ရပါမယ်။ အချို့ ကျတော့လည်း သီချင်းဆိုတဲ့ ဂီတအနုပညာကို ဝါသနာ ပါတယ်ဆိုပါတယ်။ သို့သော်လည်း အသံက အဆိုတော်တွေလို မကောင်းတော့ မိမိထားတဲ့ ဝါသနာဟာ ရူးသွပ်လို့ မအောင်မြင်နိုင်ဘူး ဆိုတာကို သိထားသင့်ပါတယ်။ ဒါဆိုရင် လက်လျော့ပြီး အထက်ဖော်ပြပါ ဝါသနာ တစ်ခုရွေးချယ်ခြင်ကို ဖတ်ရှု ကျင့်သုံးသင့်ပါတယ်။

အကယ်၍ ကိုယ်ဝါသနာပါတဲ့အရာမှာလည်း တကယ် ထူးချွန်နိုင်အခွင့် အလမ်း ရှိတယ်။ တကယ်လည်း အောင်မြင်နိုင်တယ်လို့ သက်သေအထောက်အထား ခိုင်လုံရင်၊ ယုံကြည်ချက် ရာနှုန်းပြည့်နေရင် လုံးဝ လက်မလျော့ပါနဲ့တော့။ လက်ရှိ လုပ်နေတဲ့အလုပ်၊ လက်ရှိ လျှောက်နေတဲ့ လမ်းကြောင်းက လုံးဝ စွန့်ခွာနိုင်ပါတယ်။ စာဖတ်သူက ကိုယ်အောင်မြင်မယ်လို့ ကြိမ်းသေ သိရှိပြီး အလောင်းအစား လုပ်ရဲပြီဆိုရင် ကိုယ်ဝါသနာ ပါရာလမ်းကို စလျှောက်နိုင်ပါပြီ။ ဥပမာ တက်လက်စကျောင်းက ပြီးတော့မယ်ဆိုရင် ပြီးအောင် ဆုံးအောင်တက်နေပြီး တစ်ဖက်မှာ ကိုယ်အောင်မြင်ဖို့ သေချာတဲ့အလုပ်ကို ခိုင်ခိုင်မာမာ လက်ဆွဲလို့ လုပ်ကိုင် သင့်ပါတယ်။ ယင်းဝါသနာ အတွက် ငွေကြေးအထောက်အပံ့က ဒီအလုပ်လုပ်မှ၊ ဒီကျောင်းတက်မှ ရနေမယ်ဆိုရင်လည်း တစ်ဖက်ကို လုံးဝ စွန့်လွန့်လိုက်ခြင်းမျိုးမဟုတ်ပဲ ကိုယ်ဝါသနာပါတဲ့ အရာအတွက် ရင်းနှီးမြှုပ်နှံရန် ကြိုးစားနေတယ်ဆိုတဲ့ ခံယူချက် ရှိရပါမယ်။ ဒါဆိုရင် အားလုံး အဆင်ပြေသွားပါပြီ။ ဝါသနာလည်း မစွန့်လွတ်ရသလို လုပ်နေကျ လုပ်ငန်းဆောင်တာ လည်း မပျက်ပါဘူး။

အချို့ ကျတော့လည်းဆိုပါတယ်။ ငွေအလုံအလောက်ရှိဘူး။ ဝါသနာကို အကောင်အထည် ဖော်လို့ မဖြစ်ဘူး။ ဒါတွေကို အထက်ပါ နှစ်ချက်လုံး မှာကတည်က ကြိုတင်စဉ်းစားတွက်ချက်ရမှာ ဖြစ်ပါ တယ်။ ငွေဆိုတာ ကလည်း ဝါသနာကို အကောင်အထည်ဖော်ရာမှာ ဗီလိန်ကြီးတစ်ခု လို ဖြစ်နေတတ်ပါတယ်။ ဒါကို စာဖတ်သူတို့ သိရှိ နားလည်ထားဖို့ လိုအပ်ပါတယ်။ မိမိမှာ ရှိနေတဲ့ ငွေကြေး၊ ထောက်ပံ့ပေးနေသော ငွေကြေး အရင်းအနှီး ထားရှိတဲ့ ဝါသနာ ပန်းတိုင် အစရှိသဖြင့်တို့ အားလုံး တွက်ချက်ပြီး စနစ်ချ ကြိုးပမ်းလို့ ဖြစ်လာနိုင်ပါတယ်။

ဒီလောက်ဆိုရင် ဝါသနာ ရှိသူရော၊ ဝါသနာ မရှိသူရော၊ ဆင်းရဲလို့ ဝါသနာ မဖန်တီးနိုင်သူရော၊ ချမ်းသာသော်လည်း ဝါသနာ မရှိသူရော အားလုံး နည်းမှန်းလမ်းမှန်နဲ့ အကောင်အထည် ဖော်နိုင်မယ်လို့ ယူဆပါတယ်။ စာဖတ်သူက ဘာမှ ဝါသနာမပါဘူး။ အေးအေးနေ၊ အေးအေးစား၊ ဘဝ ဆိုတာ ပေါ့ပါးနေတာကိုက ဝါသနာဘာလို့ အကြောင်းပြချက်ပေး မယ်ဆိုရင် ကိုယ့်ကိုယ်ကို တန်ဖိုးမရှိတဲ့ လူတစ်ယေက်ပါလို့ ပြောနေတာနဲ့ အဓိပ္ပါယ် အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဝါသနာ တစ်ခုခု ရှိကို ရှိသင့်တယ်လို့ အလိုအလျောက် သိထားသင့်ပါတယ်။

ဝါသနာပါတာလည်း ရှိနေမယ်၊ တကယ်လည်း အကောင်အထည် ဖော်ပြီဆိုရင် မိမိပတ်ဝန်းကျင် အသိုက်အဝန်း တင်မကပဲ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးမှ ကမ္ဘာ့လူသာားအားလုံး အထိ အကျိုးပြုတော့မယ်ဆိုတာ စာရေးသူ ယုံကြည်ပါတယ်။
=========================
အောင်ခမ်း (TSJ team)

စက္ကောမအတတ်ပညာ နှင့် Robot

ရှေးယခင်ကကျွန်ုပ်အနေဖြင့် စက္ကောမအတတ်ပညာ ဆိုသော စကားစုကို ကြားဖူးသော် လည်း ထိုစကားစုကို ကျွန်ုပ်အနေဖြင့် ထဲထဲဝင်ဝင် နားမလည်ခဲ့ပါ။ နောင် .. သိတတ်စအရွယ် တွင်တော့  Terminator,Stars Wars ကဲ့သို့ သော စက်ရုပ်သိပ္ပံ ဇာတ်လမ်းများ ကိုကြည့်ဖူး ချိန်မှစ၍ စက္ကောမအတတ်ပညာဆိုသည်ကား ထိုအရာကိုဆိုသည်ပါလားဆိုတာကို သဘော ပေါက်နားလည်ခဲ့ပေသည်။
စက္ကောမဆိုသည်ကား ရှေးယခင်က သုံးစွဲရိုးစကားစုဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ယခုမူကား Robot ဟူ၍ သုံးစွဲနေကြပေသည်။ Robot ဆိုသည်ကား အရိုးရှင်းဆုံး ပြောရလျှင် စက်ရုပ်ပင်ဖြစ်ပေသည်။ယခုအခါ စက်မှုထုတ်ကုန်လုပ်ငန်းကြီးများ၌ စက်ရုပ်များကို တွင်ကျယ်စွာအသုံးပြုနေသည်။စစ်မြေပြင်များတွင်လည်းတွင်ကျယ်စွာအသုံးပြုနေကြပြီဖြစ်ပေသည်။ ရာစုနှစ်များအလိုက် robot များကို ထုတ်လုပ်နေကြပြီဖြစ်သည်ကို သိရှိပြီး ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ သို့သော်လည်းပဲ ရာနှုန်းပြည့်စိတ်ချရသော စက်ရုပ်စနစ်ဟူ၍ မရှိသေးပေဆိုသော စကားကိုလည်း လက်မခံ၍မဖြစ်သေးပေ။
ယခုအခါ စက်ရုပ်စစ်သည်ဟုခေါ်ဆိုသည့် Warbot များကို စစ်မြေပြင်တွင်သာမက ကုန်ထုတ်လုပ်မှု နှင့် စက်မှုလုပ်ငန်းများတွင်ပါ တွင်ကျယ်စွာ အသုံးပြုနေကြ ပေသည်။ “သိသူဖော်စားမသိသူကျော်သွား” ဆိုသောစကားကဲ့သို့  သိသူများက ဖော်စားနေကြပြီဖြစ်ပေ သည်။ ထိုသည်ကား လူသားစစ်သည်များနေရာတွင် အစားထိုးလာသော စက်ရုပ်စစ်သည် (သို့) Warbot များပင်ဖြစ်သည်။
ကျွန်ုပ်တို့ အနေဖြင့် မဖြစ်နိုင်ဟုထင်ခဲ့မိသော၊ဇာတ်လမ်းရုပ်ရှင်များတွင်သာ Perfomance လောက်သာထင်မြင်ခဲ့မိသော ၊ Star War ကဲ့သို့ သော သိပံ္ပစိတ်ကူးယဉ် ရုပ်ရှင်ဇာတ်လမ်းများ တွင်မြင်တွေ့ ခဲ့ ရသော Robot များသည် ယခုကျွန်ပ်တို့ ရှေ့ တွင်မျက်ဝါးထင်ထင် မြင်တွေ့  နေရပြီိဖြစ်သည်။ စစ်မြေပြင်များတွင် လူသားစင်စစ်သားများထက်ပင် ပိုမို၍ တာဝန်ကို ထမ်းဆောင်နေကြပီဖြစ်ပေသည်။ စက်ရုပ်စစ်သည် -Warbot ဟုအမည်ပေးထားသော်လည်း လူ့ခန္ဓာကိုယ်ပုံသဏ္ဌာန်နှင့်တော့လုံးဝမတူကြပါ။ စစ်သည်များ ထမ်းဆောင်ရသည့် တာဝန်များ ကို ထမ်းဆောင်ပေးမည့် ယန္တယားအငယ်စား ကလေးများသာဖြစ်သည်။ အချို့မှာ တိုက်ခိုက် ရေး စစ်သည်များဖြစ်ပြီး၊ အချို့မှာထောက်ကူ ပို့စစ်သည်များဖြစ်သည်။ ထိုနှစ်မျိုးစလုံး၏ တူညီသော အချက်တစ်ချက်မှာ ယင်း Warbot တို့တွင် “အကြောက်တရား ဟူ၍ မရှိကြ။ စိတ်ခံစားမှု မရှိကြ” ပေ။
၂ဝ၁ဝ ခုနှစ် သြဂုတ်လတွင် “ရှေ့ပြေးမီးလျှံ - Fire Scout” ဟု အမည်ပေးထားသည့် မောင်းသူမဲ့ရဟတ်ယာဉ်ကို အမေရိကန်ရေတပ်က မေရီလင်း ပြည်နယ်တွင် စမ်းသပ် မောင်းနှင်သည်။ ရဟတ်ယာဉ်သည် ထိန်းသိမ်းရေးစခန်း၏ ပဲ့ထိန်းမှုနှင့် အဆက်အသွယ်ပြတ် ကာ ဝါရှင်တန်မြို့တော်ရှိရာ အနောက်မြောက်ဘက်ဆီသို့ ပျံသန်းသွားသည်။ ရဟတ်ယာဉ်တွင် လက်နက်တပ်ဆင်ထားခြင်းတော့မရှိ။ ထိန်းသိမ်းရေး စခန်းတစ်ခုလုံး ဥသြသံ တညံညံဖြင့် မိနစ်သုံးဆယ်ကြာမျှ ပျာယာခတ်ကုန်ကြသည်။ ဖက်ဒရယ်မြို့ပြ လေကြောင်း ဌာန၊ မြောက်အမေရိက လေကြောင်း ကာကွယ်ရေး စစ်ဌာနချုပ်တို့ကို တပ်လှန့်အကြောင်း ကြားရ သည်။ လိုအပ်ပါက လွတ်ထွက်သွားသော ရဟတ် ယာဉ်ကို ပစ်ချနိုင်ရန် အက်ဖ်-၁၆ တိုက်လေယာဉ်ကိုလည်း အသင့်ပြင်ထားသည်။ မောင်းသူမဲ့ ရဟတ်ယာဉ် အိမ်ဖြူတော်နှင့် မိုင်အနည်း ငယ်အကွာသို့အရောက်တွင် ထိန်းသိမ်းရေးစခန်းနှင့် အဆက်အသွယ်ပြန်ရသည်။ ထိန်းသိမ်းရေးစခန်းသို့ ပြန်လာရန် အချက်ပေးခေါ်ယူလိုက်သည်။ ရဟတ်ယာဉ် ချောမောစွာ ပြန်ရောက်လာသည်။ နောက်တစ်နေ့ထုတ်သတင်းစာ များတွင် ဝါရှင်တန် ကောင်းကင်ပြင်၌ လမ်းသလားခဲ့သော တပ်ပြေးရဟတ်ယာဉ်ဟုလည်းကောင်း၊ လူသားကိုအာခံ သော မောင်းသူမဲ့ ရဟတ်ယာဉ်၏ ဝါရှင်တန်ခရီးစဉ်ဟု လည်းကောင်း ခေါင်းတပ်ရေးသားကြသည်။
Super Power ဟုတင်စားခံရသော အမေရိကန်သည် စက်ရုပ်စစ်သည်များ ထုတ်လုပ်နိုင်ရေးအတွက် ဒေါ်လာငွေ ဘီလီယံချီသုံးစွဲကာ သုတေသနပြုနေသည်။ စက်ရုပ်စစ် သည်များ ပိုကောင်းသည်ထက် ကောင်းလာစေရေး လူသားစင်စစ်သည်ကဲ့သို့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချလှုပ်ရှားနိုင်ရေး နှင့် တိုက်ခိုက်နိုင်ရေးတို့ကို ဦးစားပေး သုတေသနပြုနေသည်။ အချို့ကို စစ်မြေပြင်တွင် စတင်အသုံးပြုလျက်ရှိသည်။၂ဝ၁၅ ခုနှစ်ရောက်သည့်အခါတွင် မြေပြင်သွားစစ်သုံး ယာဉ်အားလုံး၏ အနည်းဆုံး သုံးပုံတစ်ပုံသည် မောင်းသူမဲ့ဖြစ်ရမည်ဟု ကွန်ဂရက်က တောင်းဆိုထားသည်။ လေတပ်က နှစ်စဉ်လေ့ကျင့်ပေးသော မောင်းသူမဲ့ လေယာဉ်မှူး အရေအတွက်သည် ဗုံးကြဲလေယာဉ်မှူး နှင့် တိုက်လေယာဉ် လေသူရဲ နှစ်မျိုးပေါင်း အရေအတွက် ထက်ပိုများလာသည်ဟု ဆိုသည်။
စစ်ပွဲ၏သွင်ပြင်လက္ခဏာ နှင့် သဘောသဘာဝကို ပြောင်းလဲစေခဲ့သည့် အရာများ ရှိခဲ့သည်။ ပို၍ဝေးသောနေရာမှ ရန်သူကိုပစ်ခတ်နိုင်ရန်၊ ရန်သူများနိုင်သမျှ များများကျဆုံး စေရန် လက်နက်များကိုတီထွင်ခဲ့ကြသည်။ လေးမြားမှသည် နျူလက်နက်အထိ ဖြစ်ပေါ်ခဲ့သော လမ်းကြောင်းကို ပြန်လည်လေ့လာပါက စစ်ဆင်ပုံ၊ဆင်နည်း ပြောင်းလဲခဲ့သည်ကိုမြင်နိုင်သည်။ ယမ်းဘီလူး၊ ယန္တယားနှင့် အနုမြူဗုံးတို့သည် စစ်ပွဲ၏အယူ အဆ၊ ဗျူဟာ အခင်းအကျင်းတို့ကို ပြောင်းပြန်လှန် ပြောင်းလဲစေခဲ့သည်။
စက်ရုပ်စစ်သည်များသည်လည်း စစ်ပွဲ၏သဘောသဘာဝကို များစွာပြောင်းလဲစေမည်မှာ မုချဧကန်ဖြစ်သည်။ စစ်ပွဲဆိုင်ရာ Theory များစွာကို ပြန်လည် သုံးသပ်ကြရလိမ့်မည်။ စစ်ကို မည်သို့တိုက်ခိုက်ကြသည် ဆိုသည့်နည်းလမ်းသည်လည်းကောင်း၊ စစ်ကို မည်သူတွေ တိုက်ခိုက်ကြသည်ဆိုသည့် အချက်သည်လည်းကောင်း ပြောင်းလဲသွားမည်ဖြစ်သည်။ အနာ ဂတ်စစ်ပွဲများတွင် လူသားစစ်သည်ချင်း မတိုက်ခိုက်ကြတော့ဘဲ စက်ရုပ်အချင်းချင်း တိုက်ခိုက်ကြတော့မည်။ ရုပ်ရှင်ထဲတွင်သာတွေ့ဖူးသည့်စက်ရုပ်သည် ပိတ်ကားထက်မှ ခုန်ဆင်း ကာ လက်တွေ့စစ်ပွဲထဲသို့ရောက်လာတော့မည် လော။
မောင်းသူမဲ့လေယာဉ်ဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးကြီး ခရစ္စတိုဖာ ကာလီလီ Christopher Carlile က “စိတ်ကူးယဉ်သိပ္ပံဝတ္တုနဲ့ လက် တွေ့ဘဝ အကြား ခြားနားမှုဆိုတာ အခုအခါမှာ ပါးပါးလေးပဲ ကျန်တော့တယ်။ စိတ်ကူးယဉ် သိပ္ပံဝတ္တုထဲက အတိုင်းဖြစ်လာဖို့ဆိုတာ အချိန်ပဲလိုပါတယ်” ဟု ပြောသည်။၂ဝဝ၃ ခုနှစ်တွင် စစ်ပွဲစတင်စဉ်က အီရတ်တွင် စစ်မြေပြင်သုံးစက်ရုပ်ဟူ၍ မရှိသေးပေ။ ယခုအခါ အာဖဂန်နှင့် အီရတ်တွင် စက်ရုပ်နှင့် အဝေးထိန်းစနစ်သုံး ယာဉ်စုစုပေါင်း နှစ်သောင်းကျော်ကိုအသုံးပြုလျက်ရှိသည်ဟု ပေါ်ပြူလာ မက္ကင်းနစ်စာစောင်ကဖော်ပြသည်။ CIA သည် ပါကစ္စတန် နယ်မြေအတွင်းသို့ မောင်းသူမဲ့လေယာဉ်များကို စေလွှတ်ကာ အယ်လ်ကိုင်ဒါ ပစ်မှတ်များကို တိုက်ခိုက် လျက်ရှိ သည်။ စစ်ဆိုသည့်အရာကို လူသားတို့သည် နှစ်ပေါင်း ငါးထောင်ကျော် လက်ဝါးကြီး အုပ်ထားခဲ့သည်။ မကြာမီစစ်ပွဲကို စက်ရုပ်များ လက်သို့လွှဲ ပေးရတော့ မည်လော။
သိပ္ပံစိတ်ကူး ယဉ်ဇာတ်လမ်းများကဲ့သို့  ကမ္ဘာကြီးကို စက်ရုပ်များ လွှမ်းမိုးနိုင်တော့ မည်လော ဆိုသည့် မေးခွန်းပေါင်းများစွာရှိနေပေသည်။ယခုအချိန်တွင် အင်ဂျင်နီယာများနှင့် ပညာရှင်များ ကြိုးပမ်းနေကြ သည်မှာ စက်ရုပ်စစ်သည်များတွင် စဉ်းစား ဥာဏ်အတု-Artificial intelligence ထည့်သွင်းပေးနိုင်ရန် ဖြစ်သည်။ စက်ရုပ်များသည် ကိုယ်ပိုင် စဉ်းစားဉာဏ်ရှိ လာသည့်အခါ လူသားများကို အာခံတိုက်ခိုက်လျက် ကမ္ဘာကြီးကို လွှမ်းမိုး ချုပ်ကိုင်သွား လိမ့်မည်ဟု အကြောက်လွန်နေကြသူ များလည်းရှိသည်။ အမေရိကန် လေတပ်သိပ္ပံပညာရှင် များအကြီးအကဲ ဝါနာဒမ်း -Werner Dahm က “စက်ရုပ်တွေက ကမ္ဘာကြီးကို စိုးမိုးချုပ်ကိုင်မှာ ကို စိုးရိမ်စရာ မလိုဘူး။ ကျွန်တော်တို့ က စက်ရုပ်တွေ မလုပ်နိုင်တာတွေကို ခိုင်းမိပြီး နုတ်မရ၊ ပြင်မရ ဖြစ်ကုန်မှာ ကိုပဲစိုးရိမ်တယ်။ စက်ရုပ်တွေလုပ်ပေး နိုင်တာပဲဆိုပြီး လူတွေသာ လုပ်ရမယ့် အရေးကြီးတဲ့အလုပ်တွေကို စက်ရုပ်တွေကိုလွှဲပေးပြီးခါမှ အဆင်မပြေဖြစ်လာရင် ပြန်ပြင်ဖို့ သိပ်နောက် ကျသွားနိုင်တယ်” ဟု ပြောသည်။
စက်ရုပ်များအား ကိုယ်ပိုင်စဉ်းစားဉာဏ်ထည့်သွင်းခြင်းနှင့် ခြွင်းချက်မရှိ ထိန်းချုပ်ထား နိုင်ရေး အချက်နှစ်ချက်ကို ပညာရှင်များက ဦးစားပေးလုပ်ကိုင်လျက်ရှိသည်။ ဆင်ခြင် ဉာဏ်ရှိသော၊ အစွမ်းထက်သော စက်ရုပ်ကို ဆောက်လုပ်လျှင် လူသားက လုံးဝဥဿုံ ထိန်းချုပ် ထားနိုင်စွမ်း ရှိရမည်။ ထိုအချက်သည် အရေးအကြီးဆုံးဖြစ်သည်။ အစွမ်းထက်သော စက်ရုပ်ကို မထိန်းချုပ်နိုင်ပါက လူသားကို အန္တရာယ်ပြန်ပြုလိမ့်မည်။ ကိုယ်မွေးတဲ့ မျောက် ကိုယ့်ပြန် ခြောက်သလိုဖြစ်နေပေလိမ့်မည်။
အိုဟိုင်းယိုးပြည်နယ် ရိုက်ပက်တာဆင် လေတပ်စခန်း Wright-Patterson Air Force Base တွင် စက်ရုပ်အတွက် အာရုံသိနိုင်သော စနစ်တစ်ခုကို စမ်းသပ်လျက်ရှိသည်။ ထိုစနစ်ကို မောင်းသူမဲ့လေယာဉ် -UAV တွင်တပ်ဆင်ထားပါက အခြားလေယာဉ်များ အနီးအနားသို့ ရောက်လာလျှင် မတိုက်မိအောင် ရှောင်ရှားနိုင်သည်။ လေယာဉ်အများအပြား ထောင့်ပေါင်းစုံမှ ချဉ်းကပ်လာသည့် အခြေအနေကို Computer Simulation ဖြင့်စမ်းသပ်ကြည့်သည့်အခါ ထိုစနစ် တပ်ဆင်ထားသည့် မောင်းသူမဲ့လေယာဉ်သည် အခြားလေယာဉ်များအကြားမှ မြွေလိမ်မြွေကောက် ကွေ့ရှောင်ထွက်သွားနိုင်သည်ကို တွေ့ရသည်။ထိုစနစ်တပ်ဆင်ထားသော မောင်းသူမဲ့လေယာဉ်ကို လေယာဉ်အသွားအလာ ထူထပ်သော မြို့ပြ ၏ကောင်းကင်ပြင်တွင် မောင်းနှင်နိုင် တော့မည်ဖြစ်သည်။ သို့သော် ယခု အချိန်အထိ မည်သည့်မောင်းသူမဲ့ လေ ယာဉ်ကိုမျှ မြို့ပြလေကြောင်း နယ် နမိတ်အတွင်း အာဏာပိုင်များက ပျံသန်းခွင့် မပြုသေးပေ။
ထို့ပြင် ယင်းစနစ်ဖြင့် မောင်းနှင်သော လေယာဉ်သည် လူသားလေယာဉ်မှူးများ မောင်းနှင်သော အမြန်နှုန်းထက် ပိုမိုလျင်မြန်စွာ မောင်းနှင်နိုင်ပြီး အကွေ့အရှောင် အမှောက် အလှန် စသည်တို့တွင်လည်း လူသား လေယာဉ်မှူးများထက် ပိုမိုတိကျစွာ စွမ်းဆောင်နိုင် သည်ကို တွေ့ရသည်။ လေထဲတွင် ရက်ပေါင်းများစွာ ပျံဝဲနေနိုင်ပြီး၊ ပစ်မှတ်ကို လူသားထက် ပိုမိုတိကျစွာ ထိမှန်အောင် ပစ်ခတ်နိုင်စွမ်းရှိသည်။ အဆက်မပြတ်လည်း ပစ်ခတ်နေနိုင်သည်။ လေယာဉ်မှူးတွင် ခန္ဓာဗေဒဆိုင်ရာ အကန့်အသတ် များရှိသည်။ စက်ရုပ်များတွင်မူ မရှိ။ ဒုံးခွင်းဒုံးစနစ် Counter Rocket ကို အီရတ်တွင် အမေရိကန်တပ်များက အသုံးပြုနေသည်။ ဘဂ္ဂဒက်ရှိ အန္တရာယ်ကင်းဇုန် Green Zone နှင့် ဘာဂရမ်လေယာဉ်တွင်းသို့ ပြင်ပမှ ပစ်ခတ် လာသော ဒုံးများကို ရေဒါဖြင့် ရှာဖွေကာ ပစ်ချသောစနစ်ဖြစ်သည်။ ကန့်သတ်လေထုပိုင်နက်ထဲ ဝင်လာသော ဒုံးများ၏ ခုနစ်ဆယ်ရာနှုန်းကို ပစ်ချနိုင်ခဲ့သည်ဟု ဆိုသည်။
စက်ရုပ်များ၊ စက်ကိရိယာများ အပေါ်ယုံကြည်စိတ်ချမှုဆိုသည်မှာ ယင်းတို့၏ စွမ်းဆောင် ပြနိုင်မှု အပေါ်တွင် မူတည်သည်မှာ မှန်သော်လည်း လူ့သဘာဝအရ ယုံကြည်အားကိုးမှု လွန်ကဲခြင်းလည်းဖြစ်တတ်သည်။ စက်ကိရိယာများသည် ဖောက်လွဲဖောက်ပြန် ဖြစ်တတ်သော သဘော ရှိသည်ကို အလေးအနက်ထားရသည်။
ဥပမာ တစ်ခုအနေဖြင့် ပြောရလျှင် ၁၉၈၈ ခုနှစ်တွင် အီရန်ခရီးသည်တင် လေယာဉ်ကို တိုက်လေယာဉ်ထင်မှတ်ကာ ပါရှန်းပင် လယ်ကွေ့တွင် အမေရိကန် ကင်းလှည့် ရေယာဉ်က ပစ်ချလိုက်သည်။ ခရီးသည် ၂၉ဝ သေဆုံးခဲ့ရသည်။ ကင်းလှည့်ရေယာဉ်တွင် ရေဒါဖြင့် ချိတ်ဆက်ထားသော ကွန်ပျူတာက တိုက်လေယာဉ်ဟု မှားယွင်းညွှန်ပြ ခဲ့သဖြင့် အခြား အချက်အလက်များကို ထည့်သွင်းမစဉ်းစားတော့ဘဲ ပစ်ချလိုက်ခြင်းဖြစ်သည်။ စက်ကိရိယာ အပေါ် ယုံစားအားကိုးလွန်းခြင်းကြောင့် ဖြစ်ရသည်။အရပ်သားနှင့် တာလီဘန်ကို မခွဲခြား နိုင်သည့်အတွက် အမေရိကန် မောင်းသူမဲ့ လေယာဉ်များသည် ပါကစ္စတန်အရပ်သား တစ်ထောင်ကျော်ကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။၂ဝဝ၇ ခုနှစ်တွင် အီရတ်၌ SWORDS ဟု အမည်ပေးထားသော စက်ရုပ်စစ်သည်များကို စတင်အသုံးပြုသည်။ ထိုစက်ရုပ်သည် လူ၏အရွယ်အစား အတိုင်းရှိပြီး ၃၆ဝ ဒီဂရီလှည့်ပတ် ပစ်ခတ်နိုင်စွမ်းရှိ သည်။ ဖောက်စ် သတင်းဌာနက ၂၁ ရာစု၏ ဂျီအိုင်တပ်သားများဟု အမွှမ်းတင်ဖော်ပြခဲ့သည်။ ထို စက်ရုပ်သည် ရန်သူနှင့် မိတ်ဆွေ မခွဲခြားဘဲ မည်းမည်းမြင်မြင်သမျှကို ပစ်ခတ်နေသည့်အတွက် အသုံးပြုမှုရပ် ဆိုင်းခဲ့ရဖူးသည်။၂ဝဝ၇ ခုနှစ်က တောင်အာဖရိကတွင် စစ်ရေးလေ့ကျင့်မှုတစ်ခု ပြု လုပ်ခဲ့သည်။ စက်ရုပ် လေယာဉ်ပစ် စက်သေနတ်သည် ဂျမ်းဖြစ်ကာ ချာချာလည်ပြီး ကျည်ကပ်အတွင်းရှိ ကျည်အကုန်လုံးကို သွန်ချသလို ပစ်ခတ်ခဲ့သဖြင့် ခြောက်ဦးသေဆုံးကာ ၁၂ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။လက်တွေ့ကြုံတွေ့နိုင်သည့် အခြေအနေများကိုခြုံငုံ ဆုံးဖြတ်နိုင် စေရန် စက်ရုပ်အား အသိဉာဏ်ထည့် ပေးရန်ဆိုသည်မှာ များစွာရှုပ်ထွေး ခက်ခဲသည်။
စစ်မြေပြင်တွင် တွေ့ကြုံနိုင်သည့်အခြေအနေဆိုသည်မှာ သိန်းသောင်းမကရှိသည်။ ထိုမျှ များပြားသော အခြေအနေကို လေ့ကျင့်ကွင်းတွင် ဖန်တီး၍မရနိုင်။ အချို့ကို လက်တွေ့ မည်သို့မျှမဖန်တီးနိုင်။ ဥပမာအားဖြင့် လေယာဉ်အစင်း ရှစ်ဆယ် ပျံသန်းနေသော ကောင်းကင် ပြင်တွင် မောင်းသူမဲ့လေယာဉ်တစ်စင်းကို ပျံသန်းခိုင်းသည့် လေ့ကျင့်ခန်းမျိုးဖြစ်သည်။ အမှန်တကယ် ပျံသန်းနေသည့် လေယာဉ်များအကြားတွင် မောင်းသူမဲ့လေယာဉ်ကို ထည့်လိုက် ပါကတိုက်မိပြီး အားလုံးပျက်စီးသေ ကြေကုန်မည်ဖြစ်သည်။ကွန်ပျူတာကသာလျှင် ပျက်စီး ဆုံးရှုံးမှုမရှိစေဘဲ အနီးစပ်ဆုံးသဏ္ဌာန်လုပ် Computer Simulation ဖန်တီးပေးနိုင်သည်။ ကွန်ပျူတာနည်းပညာတွင် ထိပ်ဆုံးမှပြေးနေသည့် အမေရိကန်အဖို့ပင် အတော်ခက်ခဲနက်နဲ သော သုတေသနလုပ်ငန်း ဖြစ်သည်။
တရုတ်၊ အီရန်နှင့် ပါကစ္စတန် အပါအဝင် ယခုအခါ နိုင်ငံပေါင်း ၄၃ နိုင်ငံသည် စက်ရုပ်စစ်သည်များကို ထုတ်လုပ်ရန် ကြိုးစားလျက်ရှိသည်။ ထိုနိုင်ငံများသည် စမ်းသပ်အဆင့် တွင်သာရှိနေသေးသည့် စက်ရုပ်များကို စစ်မြေပြင်တွင်ချသုံးလာပါက စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်သည်။ အကြမ်းဖက်သမားများ လက်ဝယ်တွင် အဝေးထိန်းစနစ်ဖြင့် တိုက်ခိုက်သော နည်းပညာအချို့ရှိနေပြီဖြစ် သည်။ အစ္စရေးနှင့် ဟဇ္ဇဘိုလာ တို့တိုက်ပွဲတွင် ဟဇ္ဇဘိုလာ ဘက်မှ အနည်းဆုံး မောင်းသူမဲ့လေယာဉ်လေးစင်း အသုံးပြုခဲ့သည်ဟု သိရသည်။ နိုင်ငံအစိုးရနှင့် လူပုဂ္ဂိုလ်အုပ်စု (အကြမ်းဖက်သမား) ရင်ဆိုင်ရာတွင် စစ်ရေးသုံးစက်ရုပ်သည် အကြမ်းဖက် သမားကို အားသာစေသည်။ အသေခံဗုံးခွဲရန်အတွက် နောင်ဘဝတွင်မိန်းမချော ၃၂ ယောက်ကို ရစေရမည်ဟု စက်ရုပ်အား မက်လုံးပေးရန် မလိုပေ။ လက်ဖြောင့်စနိုက်ပါ တပ်သားဖြစ်လာ စေရန် လနှင့်ချီ၍ လေ့ကျင့်ပေးရသည်။ စက်ရုပ်ကမူ လေ့ကျင့်ပေးရန်မလို လေဆာ ရောင်ခြည်က ညွှန်ပြသည့် ပစ်မှတ်ကို တိုက်ရိုက်ထိမှန်အောင် ပစ်နိုင်သည်။ ပစ်မှတ်တစ်ခု တည်းကို လွဲချော်မှုမရှိဘဲ ဆက်တိုက်ပစ်ခတ်နိုင်စွမ်းရှိသည်။ ခက်ခဲသော၊ အထူးကျွမ်းကျင်မှု လိုအပ်သော၊ တိကျမှုလိုအပ်သော အလုပ်တို့တွင်စက်ရုပ်တို့အား စေခိုင်းနိုင်သည်။
အဝေးထိန်းစနစ် စက်ကိရိယာ များကို နှစ်ပေါင်းအတော်ကြာကပင် အသုံးပြုလာခဲ့ကြ သည်။ တစ်မျိုးတည်းကို ထပ်ခါတလဲလဲလုပ်ရသော အလုပ်၊ ညစ်ပတ်ပေရေသောအလုပ်၊ အန္တရာယ်ရှိသောအလုပ်များကို စက်ရုပ်များအားစေခိုင်းသည်။စစ်မြေပြင်သည် နေ့စဉ်ရောင်း ရေးဝယ်တာဘဝနှင့် လုံးဝခြားနားသည်။ စက်ရုပ်စစ်သည်များအား ယင်းတို့ဘာသာ ဆုံးဖြတ် လုပ်ကိုင် (ပစ်ခတ်) နိုင်ရန် အသိဉာဏ် (တု) ဖန်တီးပေးနိုင်သည် ဆိုစေဦးတော့ ယင်းတို့အပေါ် လူသား၏ထိန်းချုပ်မှုကို ဆက်လက်ထားရှိရမည်ဖြစ်သည်။လိုအပ်ပါက စက်ရုပ်၏ လှုပ်ရှားမှုကို ဟန့်တား၊ စွက်ဖက်နိုင်ရမည်။ ပစ်မှတ်တစ်ခုကို ပစ်ခတ်မည်၊ မပစ်ခတ်ဆိုသည်ကို ဆုံးဖြတ်ရာ တွင် စက်ရုပ်ကိုဆုံးဖြတ်ခွင့်မပေးဘဲ လူသားကသာ ဆုံးဖြတ်ရန် ပင်တာဂွန်က ပေါ်လစီချ ထားသည်။ ပစ်မှတ်ကို ပစ်ခတ်ရာတွင် စက်ကိရိယာက သူ့ ဘာသာ ဆုံးဖြတ်ပစ်ခတ်ခြင်း မလုပ်ရန် အပြည်ပြည်ဆိုင်ရာ ဥပဒေက တားမြစ်ထားသည်။
စက်ရုပ်များကို အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်သည်ဖြစ်ရာ၊ ထိန်းချုပ် မှုအသံလွှင့်လှိုင်းကို ရန်သူများက နှောင့်ယှက်၍ အဆက်အသွယ်ပြတ် အောင်လုပ်ကြသည်။ ယင်းသို့လုပ် ခြင်း ကြောင့် အဆက်အသွယ်ပြတ် သွားသည့်အခါ စက်ရုပ်များသည် ၄င်းတို့ဘာသာ ဆက်လက် တိုက်ပွဲဝင်နိုင်ရန် စဉ်းစားဉာဏ် ထည့်သွင်းပေးရသည်။စက်ရုပ်များသည် လူသားများထက် မနှိုင်းသာအောင် ပိုမိုလျှင်မြန်သည်။ ထိုကဲ့သို့ လျှင်မြန်သော စက်ရုပ်များကို လူသားက ဆုံးဖြတ်ချက် လျှင်မြန်စွာပေးရန်ဆိုသည်မှာ မဖြစ်နိုင်။ သူတို့၏ မြန်နှုန်းနှင့် အမီလိုက်၍ ဆုံးဖြတ်ချက်မပေးနိုင်။ စက်ရုပ်၏ လှုပ်ရှားမှုကို အမီလိုက်၍ ဆုံးဖြတ် ချက်ပေးရန် သုညဒဿမ ငါးစက္ကန့်သာအချိန်ရသည်။ ထိုအချိန် အတွင်း အဆုံးအဖြတ်ပေးရန် ဖြစ်သည်။ လူသား၏ ဦးနှောက်သည် ထိုမျှ မမြန်ဆန်။ထို့ကြောင့် စက်ရုပ်များအား ဆုံး ဖြတ်ခွင့် လုံးလုံးလျားလျား အပ်ထားခြင်းမျိုးမဟုတ်ဘဲ ဆုတ်သာတက်သာရှိသော၊ ပျော့ပျောင်းသောစနစ် မျိုးဖြစ်ရန် လိုအပ်သည်ဟု လေတပ် သုတေသန ပညာရှင်များက ပြော သည်။
လူသားက ထိန်းကြောင်းနေသည့်အခါမျိုး ရှိရမည်ဖြစ်သလို ၊ စက်ရုပ်က သူ့ဘာသာ ဆုံးဖြတ်လုပ် ကိုင်ရမည့်အခါမျိုးလည်း ရှိရမည်။စက်ရုပ်စစ်ပွဲတွင် လူသားသည် နောက်တန်းမှ ပါဝင်ရသူဖြစ်သည်။ စက်ရုပ်ကကျူးလွန်သော စစ်ရာဇဝတ်မှုအတွက် လူသားကို စစ်ရာဇ ဝတ်ခုံရုံးတင်နိုင်ပါမည်လားဟု မေးစရာရှိလာသည်။နိုင်ငံအများအပြားသည် စစ်ရေးတွင် စက်ရုပ်များ အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းနေကြသည်။ စစ်ပွဲတွင် လိုက်နာရမည့် ဂျီနီဗာ သဘောတူညီချက်ရှိသည်။ စက္ကောမစစ်ပွဲ တွင်လိုက်နာရမည့် စည်းကမ်းဟူ၍ မရှိသေးပေ။ ဂျော်ဂျီယာ စက်မှုတက္ကသိုလ်၊ စက်ရုပ်ဆိုင်ရာဌာနမှူး ပါမောက္ခ ရော်နယ်အာကင်-Ronald Arkin က “စက်ရုပ်စစ်သည်တွေဟာ လူသားစစ်သည်တွေထက် တာဝန်ကို ပိုမို တိတိကျကျ ထမ်းဆောင်နိုင်ကြလိမ့်မယ်” ဟု ပြောသည်။အာကင်က စစ်သည်ကျင့်ဝတ်ကို စက်ရုပ်များ အတိအကျ လိုက်နာစေရမည့် စနစ်တစ်ခု Ethical Governor ကိုတီထွင်လျက်ရှိသည်။ အရပ်သူ အရပ်သားများ ထိခိုက်သေကျေမှုအနည်းဆုံးဖြစ်စေရန်၊ ရန်သူပစ်မှတ်ကိုသာ အတိအကျ ပစ်ခတ်ခြင်းတို့ လုပ်နိုင်မည်ဖြစ်သည်။ စက်ရုပ်တွင် ကလဲ့စားချေခြင်း၊ မိမိအသက် ဆုံးရှုံးမည်ကို စိုးရိမ်ခြင်း၊ ကြောက်ရွံ့ ခြင်း၊ စိတ်ရူးပေါက်ခြင်းတို့ရှိမည် မဟုတ်ပေ။ စက်ရုပ်ကို တောင်းပန် တိုးလျှိုး၍မရနိုင်။“အရပ်သူအရပ်သားတွေကို သတ်ဖြတ်တာ၊ အပိုင်းပိုင်း အတစ် တစ်လှီးတာမျိုး ကို စက်ရုပ်စစ်သည် တွေကမလုပ်ဘူး” အာကင်က ပြော သည်။
ပင်တာဂွန် ပူးတွဲစစ်ဆင်ရေးဌာနချုပ်မှ ဂေါ်ဒန်ဂျွန်ဆင် Gordon Johnson က “စက်ရုပ်စစ်သည်တွေမှာ ကြောက်စိတ်မရှိဘူး။ပေးထားတဲ့ အမိန့်ကို မေ့သွားတာမျိုးလဲမရှိဘူး။ ဘေးနားက ရဲဘော်မိုင်းထိသွားလို့ စိတ်ထိခိုက်ပြီးငိုတာလဲမရှိဘူး။ လူသားစစ်သည်တွေထက်လဲ ပိုမိုတာ ဝန်ထမ်းဆောင်နိုင်တယ်။ စက်ရုပ်တွေကိုပဲလွှတ်ပြီး စစ်တိုက်ခိုင်းကြလိမ့် မယ်။ ဝါရှင်တန်မှာ ထိုင်နေရင်းက အာဖဂန်မှာ စစ်တိုက်လို့ရနေရင် ဘာဖြစ်လို့ လူသားရဲဘော်တွေ အသက် ကို အဆုံးရှုံးခံရမှာလဲ” ဟု ဆိုသည်။ စက်ရုပ်များအပေါ် မျှော်လင့်လွန်းသူ၊ အားကိုး သူများ ရှိသကဲ့သို့ လူကပြုလုပ်ဖန်တီးထားသော စက်ကိရိယာများသည် အမှားမှားအယွင်း ယွင်း လုပ်တတ်သည်ကို သတိပေးကြသူများလည်းရှိသည်။ ယခုအခါ စက်ရုံများတွင် စက်ရုပ်များကို အများဆုံးအသုံးပြုလျက်ရှိသည်။ အမေရိကန် စက်ရုံလေးရာနှုန်းတွင် နှစ်စဉ် နှစ်တိုင်း စက်ရုပ်ကြောင့် မတော်တဆမှုကြီးတွေဖြစ်ပွားနေသည်။ပွက်ပွက်ဆူသော သတ္တုရည် သယ်လာသည့်ပုံးကို အလုပ်သမား ပေါ်သို့လောင်းချခြင်း၊ အလုပ်သမားကို စက်ကမချီပြီး ကားဘော်ဒီရိုက်ခြင်း စသည့်အဖြစ်များရှိသည်။
ဂျပန်ဝန်ကြီးချုပ်ဟောင်း ကိုအီဇုမီ သည် စက်ရုံတစ်ရုံအတွင်း လှည့်လည်ကြည့်ရှုစဉ် စက်မောင်းတံဖြင့် အရိုက်ခံရသည်။ ထို အော်တိုမက်တစ် စက်ရုပ်များသည် လူကို အန္တရာယ် ပြုရန် ရည်ရွယ်တည်ဆောက်ထားသော စက်ရုပ်များမဟုတ်ပေ။ ထိုစက်များသည်ပင် အမှားအယွင်း ဖြစ်သည့်အခါ လူကို အန္တရာယ်ပြုတတ်သည်။ လူကို အန္တရာယ်ပြုရန် ရည်ရွယ်ထုတ်လုပ်ထားသော လက်နက်တပ်ဆင်ထားသည့် စက်ရုပ်များတွင် အမှားအယွင်း ဖြစ်ပါက ဆိုဖွယ်ရာမရှိတော့။စက်ရုပ်များ၏ အာရုံခံကိရိယာများကို အာရုံသိမှု လွယ်အောင် ပြုလုပ် ရန်လိုနေသေးသည်။ ပန်းသီးနှင့် ခရမ်းချဉ်သီးကို လည်းကောင်း၊ အယ်လ်ကိုင်ဒါနှင့် သာမန်အရပ်သားကိုလည်းကောင်း စက်ရုပ်က ခွဲခြားနိုင်စွမ်း မရှိသေးပေ။
လူ့အခွင့်အရေး စောင့်ကြည့်ကာ ကွယ်ရေးအဖွဲ့မှ မတ်ဂါလက်စကို က “စစ်ရာဇဝတ်မှု ရယ်လို့ ပြစ်မှု မြောက်အောင် ကျူးလွန်မှုနဲ့ ကျူးလွန်ရန် ရည်ရွယ်မှုဆိုတာ ရှိရပါမယ်။ စက်ရုပ်ဆီမှာ လူသတ်ချင်တဲ့ဆန္ဒနဲ့ ရည်ရွယ်ချက်ဆိုတာ မရှိဘူး။ အဲဒီလို ဆိုရင် စက်ရုပ်ကို စစ်ရာဇဝတ်ခုံရုံး တင်လို့ရပါ့မလား” ဟုပြောသည်။စက်ရုပ်စစ်သည်များသည် စစ်ပွဲများကို လွယ်လွယ်ကူကူဖြစ်စေလိမ့် မည်ဟုဆိုသူကဆိုသည်။ အထူးသဖြင့် အခြားတိုင်းပြည်များ သွား ရောက် ကျူးကျော်မည့်သူများအတွက် ပိုလွယ်သွားမည်ဖြစ်သည်။ မိမိဘက်မှ အကျအဆုံး အထိအခိုက်မရှိဘဲ စစ်ပွဲဆင်နွှဲနိုင်မည်ဖြစ်သည်။
“စစ်တိုက် တယ်ဆိုတာ လွယ်လွယ်လေးပါကွာဆိုတဲ့ အတွေးတွေ ပေါက်ကုန်လိမ့်မယ်” ဟု သမ္မတရီဂင်လက်ထက်၊ လက်ထောက် ကာကွယ်ရေးဝန်ကြီး အဖြစ်ဆောင်ရွက်ခဲ့သူ လာရီကော့ဘ် -Larry Korb က ဆိုသည်။စစ်ပွဲနှင့်ပတ်သက်သော လူတို့၏ ခံစားနားလည်မှုတို့ ပြောင်းလဲကုန်ကြမည်။ ဗီယက်နမ်စစ်တွင် အမေရိကန် စစ်သားများ ကျဆုံးခဲ့ခြင်းမရှိ ဟုဆိုပါက စစ်ပွဲသည် ပြီးဆုံးခဲ့ပါမည်လား။ စစ်ပွဲသည် သက်ဆိုးရှည်နေပါမည်လားဟု မေးစရာရှိလာ သည်။ အလားတူပင် အီရတ်နှင့် အာဖဂန် တွင် အမေရိကန်နှင့် နေတိုးမဟာမိတ်တပ်သားများ ကျဆုံးမှုမရှိပါက စစ်ပွဲအမြန်အဆုံးသတ်ရေးဆိုသည့် အသံများ ထွက်လာပါမည်လားဟု မေးချင်စရာ ဖြစ်နေသည်။ သေချာသည့်အချက်မှာ စက်ရုပ် စစ်သည်များသည် လူသားတို့အား ပိုမိုစစ်သွေးဆာစေလိမ့်မည်ဖြစ်သည်။ မျက်နှာချင်းဆိုင်ရပ်နေသော လူသားတစ်ဦးကို စေ့စေ့ ကြည့်ရင်း သေနတ် မောင်းဖြုတ်ရန်ဆိုသည်မှာ အတော်မလွယ်သောကိစ္စဖြစ်သည်။ မိမိပစ် ခတ်ရမည့်သူသည် ကမ္ဘာ့တစ်နေရာတွင်ရှိနေကာ မိမိက အခြားတစ်နေရာ တွင်ထိုင်နေကာ မောင်းခလုတ် ဖြုတ်ရမည်ဆိုလျှင် လွယ်လွယ်ကူကူပင် မောင်းဖြုတ်မည်ဖြစ်သည်။ ဤသည်မှာ လူ့သဘာဝပင် ဖြစ်သည်။ ဗီဒီယို ဂိမ်းကစားနေရသကဲ့သို့ လွယ်လွယ် ကူကူ မောင်းဖြုတ် လိုက်မည် ဖြစ်သည်။ မိမိဘက်မှ အကျအဆုံးနည်းပါးစွာ တိုက်ခိုက်နိုင်မည်ဆိုလျှင် စစ်ပွဲ တာရှည်မည့် အခြေအနေကို ဖန်တီးပေးလိမ့်မည်။ စက်ရုပ်များဖြင့် တိုက်ခိုက်ခြင်းကြောင့် စစ်ပွဲသည် တစ်ဖက်သတ်ဖြစ်နိုင်သော်လည်း အတိုက်ခံရ သူများ၏ မခံချင်စိတ်ကို ဆွပေးလိမ့် မည်ဟု စိတ်ပညာရှင်များက ဆိုသည်။
၂ဝဝ၆ ခုနှစ်က လက်ဘနွန်တွင် အစ္စရေးတို့က မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှု ကြောင့် အများအပြားသေဆုံးခဲ့ရသည်။ ယင်းအတွက်ကြောင့်ပင် ဟဇ္ဇဘိုလာအား ထောက်ခံသူ တိုးတက်များပြားလာရသည်ဟု လက်ဘနွန် သတင်းစာအယ်ဒီတာ ရာမီကူရီ က ဆိုသည်။ အနုမြူဗုံးကို စတင်ရာတွင်ပါဝင်ခဲ့သည့် အိုင်းစတိုင်း၊ ရောဘတ်အိုပင် ဟိုင်းမား ၊ အင်ဒရီ ဆာခါရော့ဗ်တို့ ကနောက်ပိုင်းတွင် အနုမြူဗုံးကို ပိတ်ပင်ကြရန် မေတ္တာရပ်ခံကြသည်။ စက် ရုပ်အတတ်ပညာတွင် ပါရဂူတစ်ဦးဖြစ်သည့် အီလာနိုဘက်ရှ် -Illah Nourbakhsh က စက်ရုပ်စစ်သည်များကို ပိတ်ပင်ပေးရန် တောင်းဆိုနေ ပြီဖြစ်သည်။စစ်သုံးလေဆာလက်နက်ကို မသုံးရန် နိုင်ငံအများက သဘောတူခဲ့ ကြသည်။ ထိုလေဆာလက်နက်သည် အဆိပ်ငွေ့ဖြင့် မျက်လုံးကန်းစေသည်။ ရက်စက်ရာကျလွန်းသည့်အတွက် လက်နက်ကို တီထွင်တွေ့ရှိသည်နှင့် ပိတ်ပင်ရန် အားလုံးက သဘောတူခဲ့ကြသည်။ စက်ရုပ်နည်းပညာတွင် အမေရိကသည် ထိပ်ဆုံးမှပြေးနေသည်။ သို့သော် နည်းပညာတွင် ထိပ်ဆုံးမှ ရှိနေသူသည် အမြဲတမ်း ထိပ်ဆုံး တွင် ရှိနေမည်ဟု မဆိုသာ။ အထူးသဖြင့် စစ်ရေးအတတ်ပညာတွင် ဘတစ်ပြန် ကျားတစ်ပြန် ဖြစ်လေ့ရှိသည်။ တရုတ်နှင့် တူရကီတို့သည် ယမ်းကို စစ်ပွဲတွင် စတင်အသုံးပြု ခဲ့ကြသော် လည်း အနောက်နိုင်ငံများက အမြောက်တွင် ယမ်းကိုထည့်သွင်း အသုံးပြုကာ တရုတ်နှင့် တူရကီတို့ကို နောက်ချန်ထားနိုင်ခဲ့သည်။ ဗြိတိန် နှင့် ပြင်သစ်တို့သည် တင့်ကားကို စတင် အသုံးပြုခဲ့ကြသော်လည်း ဂျာမန် ပန်ဇာတင့်ကားတပ်ကို အရှုံးပေးခဲ့ရ သည်။ လေယာဉ်တင် သင်္ဘောကို ဗြိတိသျှတို့ စတင်တည်ဆောက် အသုံးပြုခဲ့သည်။ အမေရိကန်က ပိုမိုကောင်းမွန် သော လေယာဉ်တင် သင်္ဘောများတည်ဆောက် အသုံးပြုနိုင်ခဲ့သည်။ နည်းပညာ အတက်အကျ ဆိုသည်မှာ ယင်းသို့ပင်ဖြစ်သည်။နောင်တွင် ဖြစ်ပေါ်လာမည့် စစ်ပွဲများသည် လူသားများထက် စက်ရုပ်များကို အစားထိုးလာနိုင်သည်။ ကျူးကျော်စစ်များလည်း ပိုမို ပေါ်ပေါက်လာပေဦးမည်။ ရက်စက်ဆုံးသော၊လူသားဆန်မှုကင်းမဲ့သော၊အတ္တကြီးသော စစ်ပွဲများ ပေါ်ပေါက်လာပေ ဦးတော့မည်။
====================================
ကျော်စွာအောင်
https://www.facebook.com/kyawswar.aung.56

Feb 19, 2013

တစ်ကယ်ဖြစ်ပျက်နေသော လိုင်းပေါ်က ပြည့်တန်ဆာလုပ်ငန်း

ရန်ကုန်မြို့တွင် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေသော အမျိုးသမီးငယ်များက အင်တာနက်ကို အသုံးပြုပြီး ဖေါက်သည် ရှာဖွေမှုများ တိုးမြှင့် လုပ်ကိုင်လာယခင်က တယ်လီဖုန်းများဖြင့် ဆက်သွယ်ပြီး ဖေါက်သည် ရှာဖွေခဲ့ကြသည်။၊ မြို့တွင်းရှိ ကားမှတ်တိုင်များတွင် ရပ်ပြီး ကားစီးမည့် ခရီးသည် အချင်းချင်း လိုက်လံ ကပ်မေး အချက်ပြပြီး တည်းခိုခန်း၊ ဟိုတယ်လ်သို့ ခေါ်ဆောင်ကာ လိင်ဖျော်ဖြေရေး လုပ်ငန်းများ လုပ်ဆောင်နေကြသလို ကန်တော်ကြီး၊ ပြည်လမ်းမ များပေါ်ရှိ ကားမှတ်တိုင်အချို့တွင် ထိုင်လျက် ကိုယ်ပိုင် ကားများကို အချက်ပြကာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင် နေသူများလည်း ရှိသည်။
ယခင်က တယ်လီဖုန်းများဖြင့် ဆက်သွယ်ပြီး ဖေါက်သည် ရှာဖွေခဲ့ကြသည်။၊ မြို့တွင်းရှိ ကားမှတ်တိုင်များတွင် ရပ်ပြီး ကားစီးမည့် ခရီးသည် အချင်းချင်း လိုက်လံ ကပ်မေး အချက်ပြပြီး တည်းခိုခန်း၊ ဟိုတယ်လ်သို့ ခေါ်ဆောင်ကာ လိင်ဖျော်ဖြေရေး လုပ်ငန်းများ လုပ်ဆောင်နေကြသလို ကန်တော်ကြီး၊ ပြည်လမ်းမ များပေါ်ရှိ ကားမှတ်တိုင်အချို့တွင် ထိုင်လျက် ကိုယ်ပိုင် ကားများကို အချက်ပြကာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင် နေသူများလည်း ရှိသည်။
အဆိုပါ နည်းများဖြင့် လိင်ဖျော်ဖြေရေး လုပ်ကိုင် နေသူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စစ်ဆေး အရေးယူမှုများကြောင့် ပေါ်ပေါ်တင်တင် မလုပ်ရဲကြဘဲ မသိမသာ ပုံစံဖြင့်သာ ကိုယ်ယောင်ဖျောက် လုပ်ကိုင် နေကြသော်လည်း ယခုအခါ အိုင်တီ နည်းပညာကို အသုံးပြုပြီး ခေတ်မှီနည်းများဖြင့် ဈေးကွက် ချဲ့ထွင်လာသည်ကို တွေ့မြင် ကြားသိ နေရသည်။ ထိုကဲ့သို့ အမှန်တကယ် ပြည့်တန်ဆာ လုပ်ငန်းကို လုပ်ကိုင်နေသူ အမျိုးသမီးများ အနေဖြင့် ပေါက်သည့်နဖူး မထူး ဟူသော စကား အတိုင်း မထူးဆန်း လှသော်လည်း အတုမြင် အတတ်သင်လာမည့် ဆယ်ကျော်သက်များ နှင့် အင်တာနက်ကို အမှန်တကယ် အသုံးပြုနေသည့် ငယ်ရွယ် နုပျိုသည့် မိန်းကလေးများ၏ အရှက်နှင့် သိက္ခာအတွက်မူ စိုးရိမ်ဖွယ် အခြေအနေ တစ်ရပ် ဖြစ်လာနေသည်။

လက်ရှိ ဖြစ်ပေါ်နေသော အင်တာနက်ကို အသုံးပြုပြီး လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်နေသူများမှာ အသက် ၁၈ နှစ် မှ အသက် ၃၀ ပတ်ဝန်းကျင် အထိ အမျိုးသမီးများ ပါဝင်နေပြီး အချို့မှာ ဂိုဏ်းဖွဲ့ပြီး ပြည့်တန်ဆာခေါင်းဆောင် များက Online အသုံးပြုကာ ဈေးကွက်ရှာဖွေပေးပြီး လိင်ဖျော်ဖြေမည့် အမျိုးသမီးငယ်များကို စုဆောင်း ထားသည်ဟုပင် ကြားသိ နေရသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး ရန်ကုန်မြို့၌ အင်တာနက် ကဖေး တစ်ခုကို ဦးစီးလုပ်ကိုင်နေသည့် ညီငယ်တစ်ယောက်၏ အတွေ့အကြုံများကို MMDailynews.com မှ မေးမြန်းခဲ့ရာ သူက.. "ဟုတ်... အွန်လိုင်းကနေ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေတာတွေ ရှိတယ် အစ်ကို၊ ဆိုင်မှာလာသုံးနေတဲ့ User တစ်ယောက်ပေါ့။ သူက ကောင်မလေး တစ်ယောက်ရဲ့ အကောင့်ကို ရလို့ Gtalk ကနေ Add လိုက်တယ်။ အစကတော့ သူဘာဆိုတာ မပြောဘူး ပြီးတော့ အပြင်မှာချိန်းတယ်။ အဲ့ဒီမှာ သူတို့ လုပ်စရာ ရှိတာတွေ ဆက်လုပ်ကြတယ် အဲ့တာက တစ်မျိုး အခကြေးငွေ အတွက် တည်းခိုခန်းမှာချိန်း ဘယ်လောက်ရရင် လိုက်မယ်ပေါ့။ နောက်တစ်ခုက အကြီးစား ပြည့်တန်ဆာ တွေပေါ့။ အွန်လိုင်းကနေ တွေ့တယ်။ ပြီးရင် ချိန်းတယ် ကြိုက်ရင် လိုက်သွားတယ်(ကက) သီးသန့်ပေါ့။
အခု နောက်ပိုင်း အွန်လိုင်းကို ပြည့်တန်ဆာတွေ တော်တော် သုံးလာကြတယ်။ Online ကနေ ရတဲ့ ဖေါက်သည် တွေကလဲ ငွေကြေးများများ ပေးနိုင်တာကိုး။ ဒီလုပ်ငန်း ဖြစ်လာတာ ခန့်မှန်း ရသလောက် အထူးသဖြင့် ရန်ကုန်မှာပေါ့။ 2008 ခုနှစ် နောက်ပိုင်း အခု 2010 ခုနှစ် မှာ အမြင့်ဆုံးကို ရောက်နေတယ်လို့ ထင်ပါတယ်။ ဒီလို ပြည့်တန်ဆာတွေ လှူပ်ရှားလာတော့ ကျန်တဲ့ ဆယ်ကျော်သက် အမျိုးသမီးတွေ မူဒိန်းမှူတွေနဲ့ ကိုယ်ကျင့်တရား အထိန်းသိမ်း လျော့ရဲတာတွေ ပါ ဖြစ်လာနိုင်ပါတယ်။
အွန်လိုင်း ပြည့်တန်ဆာတွေရဲ့ ပစ်မှတ်က အွန်လိုင်း(ချက်တင်)ကို အသုံးပြုတတ်ခါစ လူတွေ၊ အပြင်မှာ တစ်ခါမှ လက်တွေ့ မစမ်းရဲကြတဲ့ ဆယ်ကျော်သက်တွေ ငွေကြေး တတ်နိုင်တဲ့ သူတွေလို့ ထင်ပါတယ်။ သူတို့က Gtalk နဲ့ VZO ကို အများဆုံး အသုံးပြုပါတယ်။ အခုနောက်ပိုင်းပေါ့။ မြန်မာဘလော့ဂါအချို့ရဲ့ sex ၀က်ဆိုဒ်တွေမှာ Member ၀င်ပြီးလဲ ဆက်သွယ် နေကြပါတယ်။ ကျွန်တော်ကိုယ်တိုင် တစ်ခါတော့ကြုံဘူးတယ်။ အကောင့်က ကျွန်တော့် Gtalk ကို အမှတ်မထင် ရောက်လာတယ်။ ကျွန်တော်က လက်ခံလိုက်တယ်။ သူဂျီတော့မှာ မက်ဆေ့ခ်ျ တစ်ခု တင်ထားတယ်။ သူနဲ့ ပျော်ချင်ပါသလား တစ်ည ( Edit ) ဆိုပြီး။

ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဒီလောက် ရဲတင်းလှတာ ကောင်မလေး တကယ်ဟုတ်မဟုတ် မေးမယ် ဆိုပြီး သူငယ်ချင်းတွေ သူ့အကောင့်ကို ၀ိုင်း Add ကြတယ်။ အပြင်မှာ ချိန်းတယ် တကယ့် ကောင်မလေးပါဘဲ။ သူက ဘယ် တည်းခိုခန်းမှာ ဘယ်လိုဆို ဘယ်လောက် စိတ်ကြိုက် ကြိုက်တာခိုင်း ဆိုဘယ်လောက်။ လူ ဘယ်နှစ်ယောက်ဆို ဘယ်လောက် ဆိုပြီး ဈေးတွေတောင် Online ကနေ ညှိ ခဲ့ဘူးတယ်။ တကယ် သူချိန်းတဲ့ လက်ဖက်ရည်ဆိုင်မှာ တစ်ယောက်က သွားပြီး စောင့်ကြည့်တယ်။ တကယ် ဟုတ်မဟုတ်။ တကယ်ပါဘဲ ကောင်မလေး တော်တော်ချောချော လေးပါဘဲ။ မထင်ရက်စရာပေါ့။ အသက် ၁၉ နှစ် ၂၀နှစ် ၀န်းကျင်လေးပါ။ တကယ်တော့ ကျွန်တော်တို့ မပျော်ခဲ့ပါဘူး။

နောက်ပိုင်းတော့ သူ့အကောင့်ကို Block လိုက်ပါတယ်။ အသိ User တစ်ယောက်တော့ အွန်လိုင်းကနေတွေ့ပြီး တစ်ခါ အလုပ်ဖြစ်ခဲ့ဖူးတယ် ပြောပါတယ်။..... ဟု ပုဇွန်တောင်မြို့နယ်ရှိ Hero Cyber Cafe မှ ကိုအေးမင်းထွန်း က MMDailynews.com သို့ သူ့အတွေ့အကြုံများကို ပြောသည်။ အခြား အင်တာနက်ဆိုင်မှ ၀န်ထမ်း တစ်ဦးကလည်း "ဟုတ်ကဲ့ ခင်ဗျ ၊ ဂျီတော့မှာကို ဖော်ချွတ်ပုံတင်ပြီး တကယ်လိုက်တဲ့ အကောင့် ပိုင်ရှင်တွေ ရှိပါတယ် ။ ဆိုင်တွေမှာလည်း အဲ့သလို အကြောင်းကိစ္စတွေအတွက် အသုံးပြုနေတာတွေ နည်းနဲ့ အများတော့ မြင်နေရပါတယ် ။

အွန်လိုင်းမှာပဲချိန်းပြီး ကားနဲ့ လာကြို သွားတဲ့အထိ တွေ့ ခဲ့ဖူးပါတယ်" ဟု သူမြင်တွေ့ ခဲ့ရသမျှ ပြောသည်။ အွန်လိုင်းမှ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ဖေါက်သည်ရှာရန် အတွက် သီးခြား ပြင်ဆင်စရာ မလိုသည့် အပြင် ပြောဆို ညှိ့နှိုင်းရာတွင်လည်း နှစ်ဦးနှစ်ဖက် မျက်နှာပူစရာ မလိုခြင်း၊ ဈေးညှိနှိုင်းနေစဉ် အဖမ်းအဆီး ခံရမည့် အရေး အတွက်လည်း ကျီးလန့်စာစား ဖြစ်စရာမလိုခြင်း၊ ပတ်ဝန်းကျင်မှ အသိမိတ်ဆွေများက ရိပ်မိ သွားမည်ကိုပါ စိုးရိမ်စရာမလိုသည့် အခြေအနေများကြောင့် အွန်လိုင်းမှ ဖေါက်သည် ရှာခြင်း လုပ်ငန်းကို တိုးမြှင့် ဆောင်ရွက် လာကြခြင်း ဖြစ်သည်။

မြန်မာလူမျိုး မိဘများအနေဖြင့် သားသမီးများကို ခေတ်မှီ နည်းပညာများနှင့် ထိတွေ့ ရင်းနှီုးလာစေလိုသော သဘောဖြင့် အင်တာနက် အသုံးပြုမှုကို လွတ်လပ်စွာ ခွင့်ပြုထားကြ သော်လည်း ကျန်းမာရေး ရှုထောင့်အရ ကြည့်မည် ဆိုပါက လည်းကောင်း အကျင့် သိက္ခာပိုင်းအရ လည်းကောင်း ထိခိုက်နစ်နာမှုများ မဖြစ်လာစေရေး အတွက် သားသမီးတို့၏ အင်တာနက် အသုံးပြုမှုကို အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့် ထိန်းသိမ်း စောင့်ရှောက် သွားရန်ပါ လိုအပ်လာပြီ ဖြစ်သည်။
=====================================
From = MMDailynews.com

Feb 18, 2013

ချာတူးလန်စစ်ကားများ


ခေါင်းစဉ်ကိုကြည့်ပြီး Military Vehicles များ ( FAW, Aerolus, Lanjian ) တွေကို ပြောတာထင်နေပါလိမ့်မယ်။ မဟုတ်ပါဘူး။ အဲဒီကားတွေက ချာတူးလန် အဆင့်ထက်တောင် ကျော်နေပါပြီ မဟာချာတူးလန်ဖြစ်နေပါပြီ။ အဲ … ဒါပေမယ့် ကျွန်တော်ပြောမှာက War Action Movie တွေအကြောင်းပါ။
၂၀၀၀ ခုနှစ် ၀န်းကျင်က ရုံတင်ခဲ့ပြီး အော်စကာတလှေကြီး သိမ်းကြုံးယူသွားတဲ့ Saving Private Ryan ကိုရုပ်ရှင်ပရိသတ်တွေ မေ့နိုင်မယ်မထင်ပါဘူး။ မင်းသားကြီး Tom Hank ရဲ့ စစ်ခေါင်းဆောင်တယောက်ရဲ့စိတ်ခံစားချက် ပေါ်လွင်တဲ့မျက်နှာသွင်ပြင်၊ သွေးချင်းချင်းနီနေတဲ့ အင်္ဂလိပ်ရေလက်ကြား၊ Omaha Beach၊ အတုံးအရုံးကျဆုံးနေတဲ့ အမေရိကန် မရိန်းတပ်သား တွေ၊ ရက်စက်လှတဲ့ ဂျာမန်စက်သေနတ်ကြီးတို့ကို မြင်ယောင်မိမှာဖြစ်ပါတယ်။ အမေရိကန် မရိန်းတပ်သားများကို သနားကြသည်၊ လေးစားကြသည်၊ ရန်သူဂျာမန်တို့အပေါ် ရွံမုန်းကြသည်။ ရုပ်ရှင်ကောင်းတခု၏ ရသသာမက လူတိုင်း၏စိတ်နှလုံးတွင် စူပါပါဝါ အမေရိကန်ကို လေးစားမိကြသည်။
ပြန်တွေးကြည့်ပါ သမိုင်းမှာတကယ်ရော ဒီလိုတွေဖြစ်ခဲ့လား။ ၁၉၄၅ ဂျာမန်တို့ အရှုံးကြီးရှုံးနေချိန် အရှေ့ဘက်မှ ရုရှတို့တင့်ကားနှင့်လိုက်ကြိတ်သလို တလှိမ့်လှိမ့်တက်လာပြီး ဂျာမန်တို့၏တပ်မဟာများ တခုပြီးတခုပြုတ်ပြုတ်ပြုန်းနေချိန်တွင် အနောက်ဘက် အင်္ဂလိပ် ရေလက်ကြားမှ အမေရိကန် နှင့် အဂ်လိပ်တပ်များ ကမ်းတက်တိုက်ပွဲဆင်နွှဲခဲ့သည်။ D-day တွင် Omaha, Utah နှင့် ဓါးကမ်းခြေများမှ ရေကြောင်းလက်နက်ကြီးပစ်ကူ အသာစီး အင်အား နှင့်ဝင်တိုက်တော့သည်။ ထိုကမ်းခြေများမှာ ဝေးလွန်းသဖြင့် ဂျာမန်ဗိုလ်ချုပ်များမှ ထင်မထား သောနေရာဖြစ်သည်။ စစ်အင်အားကြီးမဆိုထားဘိ ခုခံကာကွယ်ရန်လေယာဉ် ၂ စီးသာ ထားထားသည်။ စစ်သင်္ဘောများပစ်ခတ်မှုနှင့်ပင် မြေပြင်မှာမွစာကြဲနေပြီဖြစ်သည်။ အလွယ် တကူပင်တက်သိမ်းနိုင်လေသည်။ မကျဘူးတော့မဟုတ် စစ်ပွဲစဉ်တခုလုံး စစ်သည် ၃၀၀၀ ကျော်ကျသည်။ ဒါပေမယ့် အမေရိကန်တွေပဲတော့မဟုတ်။ အင်္ဂလိပ်တပ်တွေလဲ ကျသည်။ သို့သော် ရုပ်ရှင်ထဲတွင် အင်္ဂလိပ်စစ်တပ်ကို မတွေ့ရ အားလုံးအမေရိကန်တွေပဲ ဖြစ်နေသည်။ ဂျာမန်တွေဘက်က ပိုဆိုးသည် ထိုတိုက်ပွဲများတွင်ပင် မဟာမိတ်တွေကျတာထက် ၂ဆမက ကျဆုံးသည်။ ရဲဘော်မပြောနှင့် ဗိုလ်ချုပ်ပင် ၃၀ ကျော်ကျသည်။ ဘန်ကာများထဲတွင် အရှင်လတ်လတ်မီးတိုက်ခံရသည်။ ဆုတ်ခွာရချိန်တွင် ရိက္ခာပြတ်ကာ လူသားပင်စားရ သည်ဟူ၏။ ထားတော့ ပြောရင်းပြောရင်း ဘာလင်သိမ်းတိုက်ပွဲအထိရောက်သွားတော့မည်။ ကျွန်တော်ပြောချင်တာက ဒီဇာတ်ကားနဲ့တင် အင်္ဂလိပ်တပ်များ ဒုတိယကမ္ဘာစစ်တုန်းက လုပ်ခဲ့တာတွေ သဲထဲရေသွန်ဖြစ်ရသည်။ ဗြိတိသျှရုပ်ရှင်ထုတ်လုပ်ရေးက ကန့်ကွက်သည်။ သို့သော် ဟောလိဝုဒ်က ရှင်းရှင်းပဲပြန်ပြောလိုက်သည် ငါတို့လိုရိုက်နိုင်လျှင်ရိုက် မရိုက်နိုင်လျှင် ပါးစပ်ပိတ်။ ရှင်းသည်။
ဒါတင်ပဲလား မဟုတ်ပါ။ အင်္ဂလိပ်စစ်တပ်က အမေရိကန်တို့ထက် အနာခံကာ တိုက်ခဲ့သော စစ်ပွဲတွေ မနည်းပါ။ Operation Market Garden, အာလာမိန်းတိုက်ပွဲ၊ Dankisk တိုက်ပွဲ အစရှိသည်တို့မှာ ပျောက်ဆုံးနေ၏။ အင်္ဂလိပ်စစ်သားများစွာ ကျဆုံးခဲ့သည်။ နှောင်းခေတ်လူများက ဒါတွေမေ့သွားပြီ။ The Longest Day, Hamberger Hill နှင့် Band of Brother စသည်, စသည် မရေမတွက်နိုင်အောင် အမေရိကန်တို့ ဟီးရိုးဖြစ်ခဲ့ကြသည်။ ထိုစစ်ကားများတွင် အင်္ဂလိပ်တပ်များမှာ ဂျစ်ကားတစ်စီးနှင့် ဆေးလိပ်သောက်နေသူများ အဖြစ်သာ ပါဝင်ခဲ့ရသည်။ နောက်လူများဆိုလျှင် ဒုတိယကမ္ဘာစစ်ဆိုတာ အမေရိကန်နှင့် ၀င်ရိုးစွန်းနိုင်ငံများတိုက်ပွဲဟု တောင်ထင်ကြလိမ့်မည်။
အရှေ့ဘက် စစ်မျက်နှာတွင်လည်း ဂျပန်တို့ အရှုံးနှင့်ရင်ဆိုင်နေရချိန် အမေရိကန်တို့ အောင်ပွဲခံနေချိန်တွင်မတော့ မှန်ပါသည်။ အမေရိကန် အထိနာခဲ့သည်။ ဂျပန်တို့၏ ခါမိကာဇီ စိတ်ဓါတ်ကို မယှဉ်နိုင်သောအခါ နောက်ဆုံးလက်နက်ထုတ်သုံးလိုက်သည်။ အနုမြူဗုံး နှစ်လုံးကြဲချလိုက်သည်။ အေးရော။ ဂျပန်ပြည်သူများစွာသေကြေခဲ့ရသည်။ ယခုတိုင်ပင် Radiation ပြသာနာများစွာရင်ဆိုင်နေရသည်။ သို့သော် အမေရိကန် မီဒီယာများက အနုမြူဗုံးကို မေ့လိုက်သည်။ ဂျပန်ကို ဗီလိန်လုပ်ကာ ရိုက်ထားသော ဇာတ်ကားတွေ မနဲမနော။ Pearl Habour, Wind Talker, Bridge on river Kwai အစရှိသော နာမည်ကျော်ရုပ်ရှင်ပေါင်းစုံ ဖြင့် ဂျပန်တပ်တွေကို ဆိုးဝါးလွန်းသော စစ်ဘီလူးတွေလိုရိုက်ထားသည်။ အနုမြူဗုံးကြဲလိုက်သည်က ပင် မှန်သလိုလိုလုပ်လာသည်။
ကဲ အဖြစ်မှန်ကို ပြန်ကြည့်ရအောင် ။ ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးသူများ (စစ်သား only) စာရင်းကိုကြည့်ပါ။
အမေရိကန်စစ်သား = လေးသိန်းခန့် (ရေတပ်အပါအ၀င်)
ဆိုဗီယက်စစ်သား = ရှစ်ဆယ့်ရှစ်သိန်း မှ တစ်ရာ့ခုနှစ်သိန်းကြား
ဂျပန်စစ်သား = နှစ်ဆယ့် ခုနှစ်သိန်းခန့်
တရုတ်စစ်သား = သိန်းသုံးဆယ်ခန့်
အင်္ဂလိပ်စစ်သား = သုံးသိန်းရှစ်သောင်းကျော်
ပြင်သစ်စစ်သား = နှစ်သိန်းခန့်
ဂျာမန်စစ်သား = ငါးဆယ့်ငါးသိန်းခန့် ဖြစ်ကြသည်။
ဒါဆို အမေရိကန်မဟုတ်တဲ့ တခြားနိုင်ငံက စစ်သားတွေကရော ဘာအတွက် သေကြရတာလဲ။ သူတို့ကကော စစ်မတိုက်ဘူးလား။ မေးစရာဖြစ်လာသည်။ မဟုတ်ပါဘူး တိုက်ခဲ့ပါတယ်။ အစာငတ်ရေငတ် ရိက္ခာပြတ်ရင်း တိုက်ခဲ့ အသက်စွန့်ခဲ့ရတာပါ။ ဒါပေမယ့် သူတို့ အသက်စွန့်ခဲ့တာကို ဖေါ်ပြမယ့်မီဒီယာ မရှိတဲ့အတွက် နောက်လူတွေက အမှုမဲ့ အမှတ်မဲ့တောင် ဖြစ်နေကြပါပြီ။
ဒီဘက်ခေတ် ဗီယက်နမ်စစ်ပွဲ ၊ အီရတ် အာဖဂန်စစ်ပွဲများနှင့်ပတ်သက်သော စစ်ကားများ ကိုကြည့်ပါ။ We were soldiers, Platoon, Behind enemy line, Hurt Lockers. စသဖြင့် မရေမတွက်နိုင်သော အမေရိကန် စူပါဟီးရိုးဇာတ်ကားတွေ မနည်းပါ။ စစ်ကို စတိုက် စဗုံးကြဲ တာသူတို့ဖြစ်သော်လည်း ဇာတ်ကားတွေထဲမှာတော့ သူတို့က ကယ်တင်ရှင် ဟီးရိုးများ ဖြစ်နေသည်။ ဒါတွေကို လူတွေကလည်း သိသိကြီးနှင့်ကြည့်နေကြသည်။ အလွန်ကြည့်ကောင်း လို့ ဖြစ်ပါသည်။ ဒါပေမယ့် အမှားတွေများလာတော့ အမှန်ဖြစ်လာသည်။ နောင်လာ နောက်သားတွေအားလုံး အမေရိကကို အထင်ကြီးလာကြသည်။ အမေရိကန် လုပ်သမျှ အဟုတ်ထင်လာကြသည်။ ယခုပင် သင့်နားက တယောက်ကိုမေးကြည့်ပါ။ အမေရိကန်တွေ ၀င်လာရင် ဘယ်လိုလုပ်မလဲလို့။ ဖြေပါလိမ့်မည်။ သူတို့က တိုက်တိုင်းနိုင်နေတာ အင်အားကြီးတယ် လူမလိုဘူး ဒုံးကျည်တွေပဲ လွှတ်လိုက်မှာ ကြောက်တယ်။ အစရှိသဖြင့် ဖြေကြလိမ့်မည်။ အမေရိကန်၏ ဆိုက်ဝါး လုံးဝကိုအောင်မြင်သည်။ အသံကြားတာနဲ့တင်လန့် နေကြပြီဖြစ် သည်။
ကဲ ထားတော့ ဒါက အမေရိကန်ကို အပုတ်ချချင်လို့မဟုတ်။ Media ရဲ့ ကြောက်စရာ ကောင်းပုံကို ဖေါ်ပြတာပါ။ ကမ္ဘာ့အအောင်မြင်ဆုံး မီဒီယာ နိုင်ငံကြီးကို ဥပမာအရင် ပေးထားတာ။ ဒါဆို ကျုပ်တို့ မြန်မာနိုင်ငံကြီးကို ပြန်ကြည့်ရအောင်။ မြန်မာ့သမိုင်းမှာ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရားစသဖြင့် အင်အားကြီးစစ်ဘုရင်များစွာရှိခဲ့သည်။ ယင်းတို့ အင်အားကြီးမားပုံကို နိုင်ငံခြားခရီးသွား တစ်ယောက်၏ မှတ်တမ်းတွင် "မြန်မာစစ်ဘုရင်၏ အင်အားကားကြောက်မက်ဖွယ်ကောင်းလှ၏ စစ်သည်အင်အားမဆိုထားဘိ စစ်ကြောင်းဖြင့်လိုက်ပါလာသော ခ၀ါသည် သည်ပင် သောင်းချီသည်" ဟုဖေါ်ပြထားသည်။ (ကိုးကား ရန်ကုန်ဘဆွေ- ရွှေဝါပြည်) ။ သို့သော် ယနေ့ခေတ်ကလေးများကို ကျန်စစ်သား အကြောင်းပြောပြလျှင် ပိန်ညှောင်နေသော ခန္ဓာကိုယ်နှင့် စက္ကူချပ်ဝတ် တန်ဆာများ ၀တ်ဆင်ကာ မဏိစန္ဒာအား မခိုးမခန့်မထီတထီ လုပ်နေသော ရုပ်ပုံကိုသာလျှင် မြင်ယောင် ပေတော့မည်။ ထိုအပြင် စစ်ဘုရင်ဆိုသူကြီးများမှာ လူလေး ငါးမြောက်၊ ငါးခြောက်နှင့် မြင်းပတ်စီးပြီး လူနှင့်မလိုက်သော (ပလတ်စတစ်ကြိုး နှင့် ပတ်ထားသော) လှံကိုကိုင်ထားကာ စက္ကူချပ်ဝတ်များ ၀တ်ထားသော လူဖလံလေးများဟု ထင်မြင်လာပေတော့မည်။ ထိုထက်ဆိုး သည်ကား နန်းတော်ဆက်တင်များပင်ဖြစ်ချေသည်။ သုံးထပ်သားကို ဆေးသုတ်ကာ ထောင်ထားပြီး တက်ထိုင်နေသော ဘုရင်ဆိုသူအား မည်သို့လေးစားရမည်နည်း။ ဓါးကား ကျောက်တုံးဖြတ်ရန်ဝေးစွ အတုကြီးမှန်းသိသာနေသည်။
ကျန်ကျောင်း နှင့် ကျန်စစ်သား ချလျှင်မည်သူနိုင်မည်နည်းမေးကြည့်ပါ။ ကျန်ကျောင်း နိုင်မည်ဟု ကလေးတိုင်းကပြောကြပေမည်။ ယိုးဒယားသမိုင်းကားများကို ရှုလော့။ မြန်မာဘုရင်သည် ever ဗီလိန်ဖြစ်သည်။ ယုတ်မာကောက်ကျစ် ကူလီကူမာလုပ်သည်။ သို့သော် ယိုးဒယားဇာတ်ကားများထဲမှ မြန်မာဘုရင်သည် မြန်မာဇာတ်ကားများထဲမှ မြန်မာဘုရင်ထက် များစွာသားနားလှသည်။ စစ်သည်အင်အားများစွာ ကြောက်မက်ဖွယ်စစ်ဆင်များ စစ်မြင်းများ ကိုစီးကာ ချီတက်လာပုံမှာ များစွာအားကျဖွယ်ကောင်းလှချေ၏။ ကြံဖန်ကာ ဂုဏ်ယူမည် ဆိုလျှင်တော့ ဂုဏ်ယူစရာပင်။ တို့ဘုရင်ကို သူတို့ခုထိရှိန်နေသေးတယ်ပေါ့။ ဒါပေမယ့် ဒါကလည်းရုပ်ရှင်ပညာဖြစ်သည်။ ရန်သူကို အဆင့်မြင့်မြင့်ရိုက်ထားကာမှ မိမိတို့နိုင်လိုက်တာ ဂုဏ်ရှိမည်ဖြစ်သည်။ မြန်မာဇာတ်ကားများမှ ကလေးပင်မကြောက်သော ကုတ်အနက်ဝတ် လူကြမ်းများကို သင်မြင်ယောင်လာပေတော့မည်။ သို့နှင့်စိတ်ပျက်ဖွယ် မော်ကွန်းဇာတ်ကားများ ကိုသာ အရင်ဘုရင်များ ပြန်ကြည့်လို့ရမည်ဆိုပါက ရှက်လွန်းသဖြင့် ဒေါသထွက်ကာ ယင်းတို့ကို လူမလေးခွေးမခန့်အောင် လုပ်သော ဒါရိုက်တာများအားလုံး တောင်စွယ်နေကွယ်ပင် မစောင့်တော့ပဲ ကွပ်မျက်ဖွယ်ရှိသည်။
ကဲ ပါတော်မူပုံ နယ်ချဲ့ဆန့်ကျင်ရေး ဇာတ်ကားကြီးများကိုလည်း ကြည့်ကြပါဦး။ နယ်ချဲ့ ဆိုတာ ကြောက်စရာမဟုတ်ဟူသော ကြောက်မက်ဖွယ် အတွေးပင်ဝင်သွားလောက်သည်။ အင်အားလေး နှစ်ပဲတပြားနှင့် သေနတ်လေးကားတားကားတား ဂျပန် မာစတာများကို နယ်မှ ကလေးများပင်မကြောက်တော့ချေ။ တချိန်က ကင်ပေတိုင်စခန်းများတွင် အသက်စွန့်ခဲ့ရသော မြန်မာမျိုးချစ်များကို ကလေးများ၏ အမြင်တွင် ဟာသဖြစ်နေတော့မည်။ လက်မောင်းတွင် ကြယ်တပွင့်ပတ်ပြီး အပ်ကြောင်းထပ်နေသော စကားများကိုပြောကာ မျိုးချစ်တော်လှန် ရေးသမား ဟူသဖြင့်ကြွေးကြော်နေသေးသည်ကို စိတ်ပျက်ဖွယ် တွေ့နေရတုန်းပင် ဖြစ်သည်။ အလကားနေငိုနေသော ဇာတ်ကားများလည်းရှိသေးသည်။ ဂျပန်က ဘာမှမလုပ်ရသေး သူကငိုပြီ။ ဖက်ဆစ်တော်လှန်ရေးမှာ ကလေးများ၏ စိတ်တွင် ဟာသအမြင်သာရှိတော့သည်။ ထိုကလေးများသည် တချိန်လူကြီးဖြစ်လာတော့မည်။ သင်းတို့လေးတွေ လူကြီးဖြစ်လာပါက မြန်မာ့သမိုင်းမြောင်းထဲရောက်တော့မည်။ တချိန်က အသက်စွန့်ခဲ့ရသူများ ငပေါဖြစ်တော့မည်။ ဗိုလ်ချုပ်ကို မြင်စေချင်စမ်းသည်။
လွတ်လပ်ရေးရပြီ။ ထားပါတော့ ပါလီမန်ခေတ်နောက်ပိုင်းကိုတော့ အပြင်က ဒါရိုက်တာ တွေ သိပ်မရိုက်တော့။ အရင်က စစ်အစိုးရဆင်ဆာတွေကြောင့်လည်းဖြစ်နိုင်သလို လိုင်စင် အပိတ်ခံရမှာကြောက်သောကြောင့်လည်းဖြစ်နိုင်သည်။ မရိုက်တာက ကိစ္စမရှိ။ ဒါပေမယ့် သမိုင်းကိုတော့ အဆင့်တန်းမှီမှီဖေါ်ထုတ်သင့်သည်။ တနိုင်ငံလုံး သူပုန်ထသည်။ ရန်ကုန် ကွက်ကွက်လေးကျန်ရာမှ ဗမာ့သေနတ်ကိုင်တပ်ရင်း၊ ချင်းသေနတ်ကိုင်တပ်ရင်း စစ်ရဲတို့ ပူးပေါင်းတိုက်သည်။ ဒီကြားထဲတောခိုသွားတဲ့တပ်ရင်းတွေက ရှိသေးသည်။ ဒုက္ခသုတ်ခ ပေါင်းစုံ အခက်အခဲပေါင်းစုံကြားမှ အင်းစိန်ကို အသေအလဲကာကွယ်ရသည်။ ဘုရားကြီးတိုက်ပွဲ ဒိုက်ဦး ၊တောင်ငူ၊ ဖြူး ဆက်တိုက်တိုက်ကြရသည်။ ပဲခူးရိုးမတွင်လည်း ဗကပ ကို အမြစ်ဖြုတ်ခဲ့သည်။ တပ်မတော်၏စွန့်စားခန်းများက ပြောကာမကုန်ပေ။ ထိုခေတ်ထိုအခါက တပ်မတော်ကို လူအများချစ်ကြသည်။ ရှေ့တန်းပြန်လျှင်ပင် ပြည်သူလူထုက ဆော်သြစရာမလို ထွက်ကြိုကြသည်။ ကြည်နူးဖွယ်အတိဖြစ်ပါသည်။ ထိုအချိန်က မီဒီယာများမှာ တာဝန်ကြေ ကြသည်။ လူထုကို တပ်မတော်၏ ပကတိအခြေအနေကို ချပြနိုင်ခဲ့သည်။ နှောင်းတမြေ့မြေ့ (ကားဟောင်း)၊ ဇော့်ကိုချစ်မလား ကျော့်ကိုချစ်မလား၊ အမိမြေမှသားကောင်း များ၊ အချစ်တပွဲ စစ်ပွဲတရာ၊ အစရှိသဖြင့် စစ်ကားကောင်းများ ပေါ်ထွက်လာခဲ့သည်။ ပြည်သူလူထု၏ အားပေးမှုအလွန်ရခဲ့ပါသည်။ စစ်သားစရိုက်ကို အပီပြင်ဆုံးဖေါ်ပြနိုင်ခဲ့သည်။ နောက်ပိုင်းတွင် ဝေလည်းမွှေးကြွေလည်းမွှေး ၊ စစ်သွေးသစ္စာ စသည်တို့လည်း အဆင့်မှီသော စစ်ကား များဖြစ်ပါသည်။
တပ်မတော်အစိုးရ အုပ်ချုပ်နေသော ကာလမှာမှ စစ်ကားကောင်းများ မှေးမှိန် ပျောက်ကွယ်သွားသည်မှာ အံ့သြစရာပင်ဖြစ်ချေတော့သည်။ မူအားဖြင့်၎င်း၊ ဆင်ဆာ အားဖြင့်၎င်း တည်းဖြတ်မှုများကြောင့် စိတ်ပျက်ဖွယ်စစ်ကားများ ထွက်ပေါ်လာပါတော့သည်။ စစ်ကားထဲမှ စစ်သားသည် အပြင်မှ တကယ့်စစ်သားနှင့်မတူတော့ အမြင်ကတ်ဖွယ်စကားများ အလွန်ပြောသည်။ လေကြီးလေကျယ်နိုင်သည်။ ပြည်သူလူထုမပြောနှင့် စစ်သားခြင်းပင် တီဗွီထဲဝင်ကာ ပါးပိတ်ရိုက်ချင်မိသည်။ တပ်မတော်ကြီးသည် တပ်မတော်သား/ စစ်သားများ ဖြင့်ဖွဲ့စည်းထားပါသည်။ စစ်သားဟူသည် လူတွေသာဖြစ်သည်။ လူလိုပဲနေထိုင်ပါသည်။ လူလိုပဲစားသောက်ပါသည်။ ဇာတ်ကားထဲကလို တောင့်တောင့်ကြီးမနေပါ။ ဖက်ထိပ်လဲ မလုပ်ချင်ပါ။ စစ်ဆင်ရေးမရှိလျှင်နားချင်သည်။ အရက်လေးလဲ အားရင်သောက်ပါသည်။ ပျော်တတ်ကြပါသည်။ ဇာတ်ကားထဲတွင်တော့ မဟုတ် ဘယ်ရဲဘော်မှအပြင်မှာ မပြောသော စကားလုံးများကို ဇာတ်ကားထဲမှရဲဘော်သည် အလွန်ပြောသည်။ အရက်မသောက်၊ အိမ်ပြန်လျှင်ပင် လက်ဘက်ရည်ဆိုင်မထိုင်ဘူးဟူ၏။ ကြည့်ရှူသူများမှာ ကလေးတွေမဟုတ်ပါ။ ဒါလောက်ကတော့ ဖြီးနေမှန်းသိပါသည်။ အထက်အောက် ရိုသေလေးစားမှုရှိပါသည် သို့သော် စိတ်အခန့်မသင့်လျှင် ရန်တော့ဖြစ်တတ်သည်။ နှောင်းတမြေ့မြေ့ (ကားဟောင်း)တွင် အထက်က ဆေးဗိုလ်ကြီးမှ မိမိရည်းစားကို လုသဖြင့် ဒေါသထွက်ပြီး ဗိုလ်ဖြစ်သူမှ ကျောက်ခဲကို ခြေထောက်နှင့်ကန်ထုတ်လိုက်သည့် အကွက်ကို ကားသစ်တွင် ဆင်ဆာမိတော့သည်။ မဆိုင်ပါ။ လူပဲ ဒေါသထွက်မပေါ့ ကိုယ့်ရည်းစားလူလုတာ။ သူ့ဘာသာ ဆေးဗိုလ်ကြီးမကလို့ ဗိုလ်မှူးကြီး ပင်ဖြစ်စေကာမူ ဒေါသထွက်ပြီး လက်သီးနှင့်ပင်ထိုးမိလိမ့်မည် ဒါကလူ့သဘာဝပဲ။ သဘာဝကို ဆင်ဆာဖြတ်သဖြင့် ယုတ်တိမရှိတာတွေ ရိုက်ကုန်သည်။
Pacific ဆိုသော အမေရိကန်ဇာတ်ကားထဲတွင် စစ်သားများ၏ဘ၀ကို သဘာဝကျကျ သရုပ်ဖေါ်ထားသည်။ စစ်သားများတွင် ကြောက်သောသူများလည်းပါသည်။ သေနတ်သံကြား ကာ သေးထွက်ကျသောအခန်းပင်ပါသည်။ စိတ်ပျက်ကာ မိမိဘာသာ သတ်သေသော စစ်သားများလည်းပါသည်။ ခပ်နွဲ့နွဲ့ စစ်သားများလည်းပါသည်။ အရက်ဂျိုးများလည်းပါသည်။ ပြန်မပြောနားမထောင်များလည်းပါသည်။ စစ်သားစရိုက်အတော်ပေါ်လွင်ပါပေသည်။ ဘာဂုဏ်မှ မတင်ပါ။ ဒါပေမယ့် နိုင်ငံအတွက် အသက်ပေးကာ တိုက်ပွဲဝင်နေပုံကိုတော့ ပေါ်လွင်အောင် ရိုက်သွားသည်။ ဇာတ်ကားကြည့်ပြီးသော အခါ မည်သူမျှ ထိုစစ်သားများကို အထင်မသေးပါ။ တကယ့်စစ်ပွဲမှ စစ်သားများကို ပိုမိုသနားစိတ်ဝင်မိကြသည်။ ဒါကမှ တကယ့်ပညာဖြစ်သည်။
နောက်တခုဆိုးသည်ကား အဖွဲ့အစည်းတစ်ခုကို တပ်မတော်ထက် ဂုဏ်တင်လွန်း ခြင်းဖြစ်သည်။ စစ်တပ်သည် စစ်တပ်သာဖြစ်သည်။ နိုင်ငံရေးနှင့်မရောထွေးသင့်ပေ။ သို့သော် ယင်းအဖွဲ့အစည်းက စစ်တပ်ပင်မနိုင်သော သူပုန်အား အနိုင်တိုက်လိုက်သော ဇာတ်ကား တစ်ကားထွက်လာသေးသည်။ များစွာရုပ်ပျက်လှပါ၏။ တချိန်ကတပ်မတော်၏ သူရဲကောင်း များစွာကို တချက်တည်းနှင့် စော်ကားလိုက်ခြင်းပင်ဖြစ်သည်။ ထိုဇာတ်ကားများမှာ ကလေးများ အပျင်းပြေပုံပြောသလောက် ဇာတ်ညွန်းသာရှိသည်။ ညီအစ်ကို သုံးယောက်ရှိခိုင်း သုံးယောက် လုံးကို ကြည်းရေလေ အစဉ်လိုက်ထည့်။ တဖက်ကလည်း သမီးသုံးယောက် တခါတည်း မွေးပြီးသား နှစ်ဖက်တွေ့ ပေးစား။ အပေါစားဇာတ်ကားမှန်းသိသာလွန်းလှသည်။ စစ်သားက စစ်သားအလုပ်မလုပ်ပဲ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြော သဖြင့် အရာရှိစစ်သည်များ ထိုဇာတ်ကားကိုကြည့်ပြီး ၀ိုင်းဆဲကြသည်ကို ကိုယ်တွေ့မြင်ဖူးပါသည်။
မပြောမပြီးသဖြင့် ပြောရဦးမည်။ Rambo တို့ အာနိုးတို့ behind enemy line တို့ကိုအားကျသည်ထင့်။ အားကျသည့်အထဲ ဂျိမ်းဘွန်းပါ ပါမည်ထင်သည်။ ကြည့်ရတာ ဇာတ်လမ်းအားလုံး ရောမွှေထားတာဖြစ်မည်။ လေယာဉ်ပျက်ကျသည်။ ဓါးတချောင်းနှင့် ပစ္စတိုတလက်သာပါသည်။ မည်သို့မည်ပုံလုပ်လိုက်သည်မသိ။ ရန်သူ့အားလုံး သေကုန်သည်။ ရန်သူ့တပ်မဟာမှူး ဒေါသထွက်ပြီး သေသည်။ တပ်ရင်းတစ်ရင်းနှင့် အချိန်တပါတ်ခန့် ယူလုပ်ရမည့် ထောင်ချောက်များကို မင်းသားက ငါးမိနစ်ထဲနှင့်လုပ်သွားပြီး ရန်သူတွေကို သေစေသည်။ AK 47 တလက်နှင့် ကွင်းပြင်ထဲတွင် တက်ပစ်ရာ ဘန်ကာထဲမှ ရန်သူ အကုန်သေသည်။ ရန်သူဖမ်းသွားသော မိန်းကလေး အယောက် ၄၀ ထဲမှမော်ဒယ်လ်မလေး ဆယ်ယောက်ကိုသာ မင်းသားနှာဘူးမှ ရွေးကယ်လာသည်။ လမ်းတွင် ဂျပန်ခေတ်မှ ရွှေများ တူးဖေါ်မိသေးသည်။ မင်းသား အဖျားတက်သဖြင့် မိန်းကလေးများက ၀ိုင်းပြုစုကြသည်။ သြော် အာနိုးတို့ စတားလုံးတို့ပင် သူ့လောက် မကောင်းစားပေ။
ထိုကားကို နိုင်ငံတကာပွဲတော်တခုတွင် ပြကြည့်ပါက မြန်မာ့ရုပ်ရှင်လုပ်ငန်းသာမက မြန်မာ့တပ်မတော်ပင် သိက္ခာကျပေတော့မည်။ သရုပ်ဆောင်များမှာလည်း လုံးလုံး အသုံးမကျပါချေ။ မင်းသားများကား အခြားအဆင့်မလုပ်လိုကြ။ အရာရှိသာတက်လုပ်ကြသည်။ တလောက policy ကားတကားဆိုလျှင် လူကလက်တောက်လောက်ပင်မရှိသော်လည်း ဗိုလ်မှူးအဆင့်တံဆိပ်ကို တပ်နေကြပြီ။ မည်သို့မျှမလိုက်ဖက်ပါချေ။ တပ်မတော်တွင် အဆင့်အတန်းအမျိုးမျိုးရှိသော်လည်း အားလုံးတန်းတူနီးပါးနေရပါသည်။ ဘယ်သူကမှ အခွင့်ထူးခံမနေပါ။ ရှေ့တန်းတွင် မြေခင်းတခင်းထဲ အတူအိပ်ရသလို အတူတူစားရပါသည်။ မြို့ပေါ်မှ uniform လှတပတ နှင့် သွားလာနေသူများမှာ တပ်မတော်၏ လက်တဆုပ်စာ ပင်မရှိပါချေ။ အားလုံးမှာ စစ်ဆင်ရေး လုံခြုံရေး စသည်တို့ဖြင့် လူရုပ်ပင်မပေါ်အောင် လှုပ်ရှားရုန်းကန်နေရသည်များကို လူထုကိုသိစေချင်ပါသည်။ ထိုဇာတ်ကားများမှာကဲ့သို့ ရှေ့တန်းတွင် အမိုးအိမ်ဝင် လက်ဘက်ရည်သောက် ဘကြီးအိမ်ဝင် ထမင်းစားလုပ်လို့မရပါ။ အမိုးအိမ်ဝင်ပါက ဖထီးက M16 နှင့်ဆွဲမည်ကို သိထားသဖြင့် မိုးရေထဲမှာ တဲထိုးပြီး စုတ်တီး စုတ်ပြတ်နေနေရသည်။ ရေမရှိလျှင် ဗွက်ရေကိုသောက်ရသည်။ ဒါကိုရိုက်ပြလို့ ရှက်စရာ မဟုတ်။ တပ်မတော်သိက္ခာကျမသွားပါ။ အဖြစ်မှန်ကို သိသော ပြည်သူများ စစ်တပ်ကို ဂရုဏာ သက်မိမည်ဖြစ်သည်။ စစ်သားအများစု တောထဲတောင်ထဲ ငှက်ဖျားမိ ဆေးမရှိ သေကြေကျ၊ တိုက်ပွဲတွင်းဒဏ်ရာရ ၊ မိုင်းထိ ခြေထောက်ပြတ်နေတာတွေက တကယ်ဖြစ်နေတာပါ။ စစ်ကားထဲမှာလို ရဟတ်ယာဉ်နဲ့လဲ လာမကြိုပါဘူး။ အထမ်းနဲ့ အော်ဟစ်ပြီး သွားရတာပါ။ ဒါတွေကို ပြည်သူသိအောင် ချပြကြပါ။ တကယ်တမ်းတပ်မတော်သားတွေ ဘ၀ ဘယ်လောက်ကြမ်းတယ်ဆိုတာကို အမှန်အတိုင်းရိုက်ပြကြပါ။ ဟိန်းဝေယံတို့ ဗိုလ်မှူးအပွင့် တပ်ပြီး နေပြည်တော်မှာ ဖွန်ကြောင်နေတဲ့ပုံထက် တကယ့်စစ်မြေပြင်က အခြေအနေကို လူတွေသိအောင်ရိုက်ပြသင့်ပါတယ်။
တကယ်ဆို ၁၉၈၈ တိုင်းပြည်ပျက်ဖို့ လက်တလုံးခြားစသဖြင့် အပ်ကြောင်းထပ်နေတဲ့ စကားလုံးတွေပြောနေတဲ့ ဇာတ်လမ်းတွေအစား ၁၉၈၈ အရေးအခင်းတုန်းက လုံခြုံရေး တာဝန်ယူခဲ့ရတဲ့ စစ်သား/အရာရှိငယ်လေးတွေ ခံစားချက်ကို ပေါ်လွင်အောင် ရိုက်ပြသင့်တယ်။ တဖက်က ချီတက်လာတဲ့ ရဟန်းရှင်လူတွေဖြစ်ပေမယ့် သူတို့လက်ထဲမှာ ခဲတွေ တုတ်တွေ ကိုင်ထားတာ ပြီးတော့ စည်းကျော်ရင် ပစ်ရမယ်လို့ပေးထားတဲ့ အမိန့်၊ ဒါတွေကို လွန်ဆန်ဖို့ကြတော့ နိုင်ငံတော်ပုန်ကန်မှု ဆိုတဲ့ စစ်ဥပဒေ စသဖြင့် အချက်ပေါင်းများစွာထဲမှာ ဝေခွဲမရဖြစ်နေပုံတွေကို ရိုက်ပြသင့်ပါတယ်။ ခုတော့ တခါလာလည်း နားကြားပြင်းကတ်စရာ နိုင်ငံတော်တာဝန်မလွှဲမရှောင်သာရယူ၊ တခါလာလည်း လက်တလုံးခြားက ကယ်တင်နဲ့ပဲ မုန့်လုံးစက္ကူကပ်နေတာပါ။
ပြည်သူလူထုမဆိုထားနဲ့ အဲ့ဒီ့ရုပ်ရှင်တွေကြည့်လို့ စစ်သားရင့်မာကြီးတွေတောင် စစ်တပ်ကို အမြင်ကတ်နေကြရတယ်။ တကယ်တမ်း အဖြစ်မှန်တွေကို ပြည်သူတွေကို ချပြနိုင်မယ့် စစ်အက်ရှင်ဇာတ်ကားကောင်းကောင်းထွက်လာမှာကို အမြဲမျှော်လင့်ပါတယ်။ စစ်ကားတကားထွက်တိုင်း မြန်မာ့ရုပ်သံမှာစောင့်ကြည့်ပေမယ့် စိတ်ပျက်ဖွယ် ဇာတ်ကား တွေကိုပဲတယ်။ ကျွန်တော်ချစ်သော/မွေးကတည်းက ကြီးပြင်းခဲ့ရာ အမိတပ်မတော်ကို လူအမြင်ကတ်အောင်လုပ်နေတဲ့ မီဒီယာတွေကို အမြဲတွေ့နေရလို့ ကျွန်တော် ဒီဝေဖန်စာကို ရေးသားလိုက်ရတာဖြစ်ပါတယ် ခင်ဗျား။
====================================
ကိုကိုဦး (တပ်မတော်ဆေးတက္ကသိုလ်)

MUCTR တက္ကသိုလ်ရှိ ကျာင်းသားများအတွက်

ရုရှားနိုင်ငံ၊ မော်စကိုမြို့ တော်ရှိ Mendeleyev University Of Chemical Technology Of Russia (MUCTR ) တက္ကသိုလ်မှ မြန်မာကျောင်းသား ညီငယ် Ph.D သင်တန်းသားများအတွက် Ph.D course တွင် ၎င်း (MUCTR) ကျောင်း Website တွင်ဖော်ပြထားသော ကျောင်းသား တစ်ဦးချင်းစီတိုင်း လုပ်ဆောင်ရမည့် Procedure များနှင့် သက်ဆိုင်သည့် Documents များအား မိမိ၏ ဆိုဒ် တွင် မြန်မာမှုပြု၍ အသေးစိတ်ဖော်ပြထားသလို သက်ဆိုင်သော Documents များအားလည်း Link များ ချိတ်၍ PDF ဖိုင်များဖြင့် ဖော်ပြထား၍ ။ သို့သော်လည်း လုပ်ဆောင်ရမည့် အချက်များဖြစ်သည့် Процедуры и нужные документы для аспирантов များကို ကျောင်းသားများအနေဖြင့် ကိုယ်တိုင် http://www.muctr.ru/acadc/soisc/procedure.php တွင် ရုရှားလို အသေးစိတ်သွားရောက် ဖတ်ရှုလေ့လာနိုင်ပါသည်။ မြန်မာလိုတော့ Procedure တစ်ခုချင်းစီအား စေတနာပါပါနဲ့ ရှင်းပြထားသလို ... မသက်ဆိုင်သူများလည်း လေ့လာ သွားနိုင်ပါသည်။ ပိုပြီးသိချင်တာများရှိရင်တော့ ကျွန်တော့် FB ဖြစ်သော https://www.facebook.com/naungyina တွင် ကျွန်တော်ရှိနေသော အခါ တိုက်ရိုက်မေးမြန်းနိုင်ပါသည်။
Процедуры и нужные документы для аспирантов
==============================================================================
Документы до предзащиты и защиты
=======================================================
Documents before pre-defense and defense
============================================================
အကြိုစာတမ်းနှင့်စာတမ်းဖတ်ပွဲမတိုင်မှီ လုပ်ဆောင်ရမည့် စာရွက်စာတမ်းများ
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
၁။ Философия ဘာသာရပ် ဖြေဆိုပြီးထားရန် လိုအပ်သည်။
_______________________________________________________________________________________
၂။ နိုင်ငံခြားဘာသာစကားတစ်ခု ဖြေဆိုပြီးထားရန် လိုအပ်သည်။ ကျောင်းအစီအစဉ်ဖြင့် ၎င်းတို့ ချပေးသော ဘာသာစကားမှာ Английский язык ဖြစ်သည်။
_______________________________________________________________________________________
၃။ အထက်ပါဖော်ပြပါ ဘာသာရပ် (၂) ခုကို စာမေးပွဲဖြေဆိုရန်နီးလာသောအခါ Отдел аспирантура တွင် Экзаменационный лист ကိုယူ၍ ဖြေဆိုရမည်ဖြစ်သည်။ Экзаменационный лист လိုရခြင်း အကြောင်းမှာ ဖြေဆိုခဲ့သော ရလဒ်အမှတ်များကို ၎င်း Экзаменационный лист တွင် ထည့်သွင်းမည်ဖြစ်ပြီး ၎င်း Экзаменационный лист ပါ အမှတ်စာရင်းရလဒ်အတိုင်း ဖြေဆိုပြီးသော ဘာသာရပ်များအား Протокол များလုပ်ထားရန် လိုအပ်သောကြောင့်ဖြစ်သည်။ ပြုလုပ်ပြီး ထားသော Протокол များကို IR ဌာနရှိ Секретарь ထံတွင်ပြန်လည် ပေးအပ်ထားရမည် ဖြစ်သည်။
_______________________________________________________________________________________
၎။ မိမိနှင့်သက်ဆိုင်သော Специальность ဘာသာရပ်ကို ဖြေဆိုပြီးထားရန် လိုအပ်သည်။ Специальность ဖြေဆိုရန်မှာ မိမိ၏ Научный руководитель အပေါ်တွင်မူတည်သည်။ မိမိ Научный руководитель အား မိမိ ဘယ်အချိန် Специальность ဖြေဆိုရမည်ကို ပြောဆိုကြည့်ပါ။ မိမိ Научный руководитель က ဖြေဆိုရန်အချိန်ကို ပြောလိမ့်မည်ဖြစ်၍ မိမိမှလည်း ဖြေရန်အသင့်ဖြစ်နေသောအခါတွင် အထက်ပါ နံပါတ် (၁) နှင့် (၂) တွင် ဖြေဆို ပြီးသော ဘာသာရပ်များကို Протокол လုပ်ထားသော စာရွက်များ နှင့် Экзаменационный лист ကို IR ဌာနရှိ Секретарь ထံတွင် ပြန်တောင်းပြီ Отдел аспирантура တွင်လည်း Специальность အတွက် Протокол စာရွက်ပုံစံတစ်ခုထပ်တောင်းလာပြီး မိမိဌာနတွင် မိမိနှင့် သက်ဆိုင်သော Специальность အားဖြေဆိုရမည်ဖြစ်သည်။ ဖြေဆိုပြီးသည်နှင့် ၎င်း Протокол အားလုံးကို IR ဌာနရှိ Секретарь ထံတွင်ပေးအပ်ထားရမည် ဖြစ်သည်။
_______________________________________________________________________________________
အထက်ပါ အချက်များသည် အကြိုစာတမ်းနှင့်စာတမ်းဖတ်ပွဲမတိုင်မှီ လုပ်ဆောင်ရမည့် စာရွက်စာတမ်းများနှင့်သက်ဆိုင်ရာ စာမေးပွဲများပင်ဖြစ်ပြီး ၎င်းတို့၏ Протокол ပုံစံများကို ဤနေရာကိုနှိပ်၍ သွားရောက်လေ့လာကြည့်နိုင်ပါသည်။
မှတ်ချက်နှင့်အကြံပေးချက်။ နောက်ဆုံး Специальность ဖြေဆိုပြီးသောအခါ Протокол များကိုမိမိမှ IR ဌာနရှိ Секретарь ထံပြန်မအပ်ခင် မိမိတွင် Scan ဖတ် သိမ်းထားနိုင်ကြောင်း မှတ်ချက်အနေဖြင့် အကြံပေးအပ်ပါသည်။